ရန်ကုန် ၊ ဇွန် ၅ ။ ။ ယခုနှစ် မိုးတွင်းကာလ၌ သာမန် မိုးရွာသွန်းနှုန်းထက် ပိုမို ရွာသွန်းနိုင်ပြီး ရေကြီးရေလျှံမှုက သေချာသလောက် ရှိနေနိုင်သည်ဟု မိုးလေဝသပညာရှင် ဦးထွန်းလွင်က သုံးသပ်ပြောဆိုထားသည်။
"ဒီနှစ် ဇွန် ၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ အားလုံးမိုးကောင်းပြီး ရွာသွန်းမြဲထက ်ပိုမယ်ဆိုတာ ခန့်မှန်းထားပါတယ်။ ရေကြီးရေလျှံကလည်း သေချာသလောက်ပါပဲ " ဟု ဦးထွန်းလွင်က သူ့၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
ယင်းအပြင် ရေကြီးရေလျှံမှု ပြဿနာများအတွက် သက်ဆိုင်ရာ အစိုးရများ ဘက်က ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို စဉ်းစားသင့်ပြီး ကယ်ဆယ်ရေးများအတွက် အင်အားဖြည့်တင်းထားရန် လိုအပ်သည်ဟု ၎င်းက အကြံပြုထားသည်။
ယမန့်နေ့ ဇွန်လ ၄ ရက် နေ့လည်ပိုင်းမှ ညနေ ၃ နာရီအထိ ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ရေကြီး ရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။ တာမွေအဝိုင်းထိပ်၊ မြေနီကုန်း ၊ လှိုင် ၊ ကန်တော်လေး စသည့် နေရာများတွင် ရေကြီး ရေလျှံမှုများကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။