ဟိုတယ်ခရီးမှ အကြီးအကဲတစ်ဦးကို လာဘ်ငွေပေးအပ်ခဲ့ရဟု လုပ်ငန်းရှင်တစ်ဦး ပြောဆို

ဟိုတယ်ခရီးမှ အကြီးအကဲတစ်ဦးကို လာဘ်ငွေပေးအပ်ခဲ့ရဟု လုပ်ငန်းရှင်တစ်ဦး ပြောဆို

ရန်ကုန် ၊ ဇွန် ၃ ။          ။ နန်းမြိုင်ဟိုတယ်အတွက် လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရန် ဘဏ်မှ ချေးငွေရယူရာတွင် ထောက်ခံစာ လိုအပ်ချက်အရ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့   တောင်းခံရာတွင်   ထောက်ခံစာအတွက် အမြဲတမ်းအတွင်းဝန် ဦးရည်မွန်ထံ ငွေကျပ်သိန်းတစ်ရာ ပေးအပ်ခဲ့ရသည်ဟု လုပ်ငန်းရှင် ဦးဌေးအောင်က ဆိုသည်။

 "ထောက်ခံစာရရှိရေးအတွက် အမြဲတမ်းအတွင်းဝန် ဦးရည်မွန်မှ ငွေကျပ်သိန်းတစ်ရာ တောင်းခံခဲ့ရာ မိမိမှလည်း ဘဏ်ချေးငွေ ရရှိရေးအတွက် မလွှဲမရှောင်သာဘဲ ထိုငွေကို ၎င်း၏ ရုံးခန်းအတွင်း မိမိကိုယ်တိုင် ၎င်းထံ ပေးအပ်ခဲ့ပါတယ်" လို့ ဦးဌေးအောင်က ဆိုသည်။

 အဆိုပါ ကိစ္စများသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖြစ်ပျက်ခဲ့သည့်ကိစ္စရပ်များ ဖြစ်ပြီး ယခုလက်ရှိ အချိန်ကာလမှသာ ထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

အဂတိလိုက်စားသူများကို ထိရောက်စွာ အရေးယူမည်ဆိုသည့် အစိုးရ မူဝါဒများကြောင့် ယင်းကိစ္စများကို နိုင်ငံတော် အတိုင်ပင်ခံရုံး သို့ ၂၀၁၇ ခုနှစ် မတ်လ (၁၄) ရက်က တိုင်ကြားခဲ့သည်ဟု ပြင်ဦးလွင်ရှိ နန်းမြိုင်ဟိုတယ်အား ဟိုတယ်နှင့်ခရီးမှ ငှားရမ်းခဲ့သူ ဦးဌေးအောင်၏ ပြောဆိုချက်အရ သိရသည်။

ယင်းကိစ္စရပ်များကို စိစစ်ရန် ပြည်ထဲရေးဌာနသို့ လွှဲအပ်ပြီးနောက် အခြေအနေအား ပြန်လည် တင်ပြရန် အကြောင်းကြားမည်ဟု အတိုင်ပင်ခံရုံးမှ ဧပြီလ ၁၉ ရက်နေ့တွင် ဦးဌေးအောင်ထံ အကြောင်းပြန်ကြားခဲ့သည်။

လက်ရှိအချိန်တွင် အထူးစုံစမ်းစစ်ဆေးရေးဌာနထံမှ ခေါ်ယူစစ်ဆေးမှုကြောင့် လာဘ်ငွေပေးအပ်ခဲ့ခြင်း ကိစ္စရပ်များကို သုံးလေးကြိမ်မျှ ထွက်ဆိုခဲ့ပြီး ဖြစ်ကြောင်း ၊ အမည်မသိ ဖုန်းများမှ ခေါ်ဆိုပြီး   ခြိမ်းခြောက်ပြောဆိုမှုများလည်း ကြုံတွေ့နေရကြောင်း ဦးဌေးအောင်က ပြောသည်။

ယင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly