သရုပ်ဆောင်သစ်များဖြင့်သာ ရိုက်ကူးမည့်“ ဒီမိုရပ်ကွက် ”

သရုပ်ဆောင်သစ်များဖြင့်သာ ရိုက်ကူးမည့်“ ဒီမိုရပ်ကွက် ”

ရန်ကုန် ၊ ဇွန် ၁။                ။ သရုပ်ဆောင် မင်းညီ ကိုယ်တိုင် ဇာတ်ညွှန်း ရေးသားထားသည့် “ ဒီမိုရပ်ကွက် ”ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကို ဒီမိုကရေစီ ရုပ်ရှင်ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ကိုယ်တိုင် ရိုက်ကူးပုံဖော်သွားမည် ဖြစ်သည်။

 “ဒီမိုရပ်ကွက် ”ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည့်အကြောင်း စာနယ်ဇင်းအသိပေးပွဲကို မေလ ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထို ရုပ်ရှင်ပြပွဲအတွက် ဇာတ်ညွှန်းများရွေးချယ်ရာတွင် ဇာတ်လမ်းပေါင်း ၄၅ ခုထဲကမှ သရုပ်ဆောင် မင်းညီ ရေးသားသည့် ဇာတ်ညွှန်း ရွေးချယ်ခြင်းခံခဲ့ရပြီး  ကိုယ်တိုင် ဒါရိုက်တာအဖြစ်ပါ ရုပ်ရှင်ဇာတ်ကားကို ပုံဖော်ရိုက်ကူးမည် ဖြစ်သည်။

“ ဒီမိုရပ်ကွက် ”ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကို မင်းညီက  မြန်မာပြည်တွင် လက်ရှိ ဖြစ်ပေါ်နေသည့် အဖြစ်အပျက်များအား ရပ်ကွက်တစ်ခုထဲတွင် ရှိသည့် လူများ၏ ဘဝများဖြင့် ပုံဖော် ရိုက်ကူးသွားမည် ဖြစ်သည်။

ထိုရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန်အတွက် သရုပ်ဆောင်အသစ်များကိုသာ ခေါ်ယူရွေးချယ်မည် ဖြစ်ပြီး ရန်ကုန်မြို့ နှင့် မော်လမြိုင်တို့မှ ရွေးချယ်မည်ဖြစ်သည်။

သရုပ်ဆောင်သစ်များမှာ  အဓိက သရုပ်ဆောင် မင်းသား တစ်ဦး ၊ မင်းသမီး တစ်ဦး ၊ ဇာတ်ပို့အမျိုးသား အသက် ၄၀ကျော်ရှိ အမျိုးသား ၂ဦး၊ အသက် ၂၀ကျော် အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ဇာတ်ပို့ အသက် ၄၀ကျော် ၅၀ နီးပါးရှိ အမျိုးသမီး တစ်ဦးတို့ကို ရွေးချယ်သွားမည် ဖြစ်သည်။

ထို့ကြောင့် သရုပ်ဆောင်သစ်ပါဝင်လိုပါက လက်ရှိတွင် လျှောက်လွှာများ စတင်ခေါ်ယူနေပြီး ရန်ကုန်မြို့တွင် ဇွန်လ ၆ရက်နေ့အထိ လျှောက်ထားနိုင်ပြီး မော်လမြိုင်တွင် ဇွန်လ ၉ ရက်နေ့အထိ   လျှောက်ထားနိုင်သည်။ လူရွေးပွဲကိုတော့ ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီတွင် ဇွန်လ ၇ရက်၊ မော်လမြိုင်တွင် ဇွန်လ ၁၀ရက် တွင် အသီးသီးပြုလုပ်မည် ဖြစ်သည်။

“ ဒီ ပွဲတော်အတွက်ကို ဒီမိုကရေစီ အဓိပ္ပါယ်ပါတဲ့ ဇာတ်ကို စဉ်းစားတဲ့အခါမှာ ကျွန်တော့ ရပ်ကွက်ထဲမှာ ဖြစ်နေတဲ့သူတွေကို သွားတွေ့မိတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အရွေ့အပြောင်းကို ဒီရပ်ကွက်ထဲ ထည့်လိုက်ရင် တော်တော်အဆင်ပြေမယ် ဆိုပြီး တွေးမိတာနဲ့ ဒီနာမည်ပေးဖြစ်တာပါ။ ကိုယ်ချင်းစာတရားရယ် စိတ်ဓာတ်ရယ် ၊ ကျွန်တော်တို့မှာ ဘာတွေပြောင်းလဲသင့်လဲ၊ မပြောင်းလဲသင့်ဘူးလဲ ဆိုတာ ကိုယ်တိုင်သိဖို့ အရေးကြီးတာပါ။ ဒီမိုကရေစီသည်၊ ကိုယ့်ရဲ့လွတ်လပ်ခွင့်သည် သူတစ်ပါးကို မထိခိုက်ရဘူး။  ဒါ ကျွန်တော် သိထားတဲ့ ဒီမိုကရေစီ ပါပဲ” ဟု မင်းညီက ပြောသည်။

 “ ဒီမိုရပ်ကွက် ”ရုပ်ရှင်ဇာတ်ကားကို လာမည့် ဇွန်လ ၁၅ရက်တွင် မော်လမြိုင်မြို့၌ စတင် ရိုက်ကူးမည် ဖြစ်ပြီး ဇူလိုင် ပထမအပတ်အထိ ရိုက်ကူးသွားမည် ဖြစ်သည်။ ထို ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၁၅ ရက် မှ ၂၁ရက်တွင် ပြုလုပ်မည့် ဒီမိုကရေစီ ရုပ်ရှင်ရက်သတ္တပတ် အထိမ်းအမှတ် ပွဲတော်တွင် ပြသမည် ဖြစ်ပြီး ထိုပွဲတော်ပြီးပါက ယခု ပြသနေသည့် ရုပ်ရှင်ဇာတ်ကားများ အတိုင်း ရုံရက် တန်းစီပြီး ထပ်မံ ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly