ဧရာဝတီတိုင်းအစိုးရက လွှတ်တော်ကို ကတိပြုထားသည့်ထဲမှ ၈၀ ရာခိုင်နှုန်း လုပ်ဆောင်ပြီးစီးဟုဆို

ဧရာဝတီတိုင်းအစိုးရက လွှတ်တော်ကို ကတိပြုထားသည့်ထဲမှ ၈၀ ရာခိုင်နှုန်း လုပ်ဆောင်ပြီးစီးဟုဆို

ပုသိမ်၊ မေ ၃၁ ။           ။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းလွှတ်တော်တွင် ဖြေဆိုထားသည်များ၊ ကတိကဝတ် ပြုထားသည်များထဲမှ ၈၀ ရာခိုင်နှုန်းကို ဆောင်ရွက်ပြီးစီးသွားပြီဟု တိုင်းလူမှုရေးဝန်ကြီးက တိုင်းအစိုးရအဖွဲ့၏ တစ်နှစ်တာအတွင်း ပြုပြင်ပြောင်းလဲမှုအခြေအနေနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"လွှတ်တော်ထဲမှာ ဖြေဆိုတဲ့ နေရာမှာဖြစ်စေ အဆိုတွေတင်သွင်းတဲ့နေရာမှာဖြစ်စေ ကျွန်မတို့လုပ်နိုင်တဲ့အလုပ် လုပ်နိုင်တဲ့လုပ်ငန်း စီမံကိန်းဆိုရင် ကတိကဝတ်အနေနဲ့ ယူရပါတယ်။ အကယ်၍ချက်ခြင်းမဆောင်ရွက်နိုင်ဘူးဆိုရင် မေးခွန်းတွေအဖြေတွေကို ဆက်လက်လုပ်ဆောင်သွားမယ်၊ သက်တမ်းတစ်နှစ်အတွင်း လွှတ်တော်ထဲက ကတိကဝတ် မေးခွန်းနဲ့အဖြေတွေကို ၈၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးပြီးလို့ပြောနိုင်ပါတယ်။ သို့သော် မြေယာကိစ္စ၊ အင်းကိစ္စတွေနဲ့ ပတ်သက်ရင် ကတိကဝတ်ဘောင်ထဲကို မဝင်နိုင်သေးပါဘူး”ဟု လူမှုရေးဝန်ကြီး   ဒေါက်တာလှမြတ်သွေးကပြောသည်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများကို တစ်နှစ်ကာလအတွင်း အရေးယူမှုအား မေးမြန်းရာ "အစိုးရအဖွဲ့အနေနဲ့ တစ်နှစ်တာကာလမှာ ဝန်ထမ်းတွေကို အနီးကပ်ကြီးကြပ်ပြီး လက်တွဲခေါ်ဆောင်လျက် ရှိပါတယ်။ တစ်နှစ်တာကာလမှာ ထူးထူးခြားခြား အရေးယူဆောင်ရွက်မှု မရှိသေးပါဘူး။ သတိပေးဖို့လိုတဲ့ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် သတိပေးပါတယ်။ ပြုပြင်ဖို့လိုအပ်တာ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပါတယ်။ အရေးယူဖို့ရှိလာရင် အစိုးရအဖွဲ့အနေနဲ့ သည်းခံမှာမဟုတ်ပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းအရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသန်းဆွေဝင်းက ပြောသည်။

လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကမူ ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန် လိုအပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် ဝန်ထမ်းများကိုလည်း ဥပဒေအရ အရေးယူသင့်ကြောင်း ထောက်ပြသည်။

"တရားဥပဒေစိုးမိုးရေးအတွက် ဖိဖိစီးစီးလုပ်ဖို့လိုပါတယ်လို့ သုံးသပ်ပါတယ်" ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲတိုးတက်မှုအခြေအနေနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းအရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ်ဦးသန်းဆွေဝင်း၊ လုံခြုံနယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ စီမံဘဏ္ဍာဝန်ကြီးဦးဌေးဝင်း၊ စိုက်ပျိုးမွေးမြူးရေးသယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်း၊ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်ဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေး၊ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်နှင့် လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးတို့က တက်ရောက်ခဲ့သည်။ ဝန်ကြီးချုပ်က ဦးမန်းဂျော်နီကမူ တက်ရောက်နိုင်ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly