မင်္ဂလာရှိတဲ့အရပ် ရုပ်သံဇာတ်လမ်းတွဲ ဇူလိုင်လတွင် စတင် ရိုက်ကူးမည်

မင်္ဂလာရှိတဲ့အရပ် ရုပ်သံဇာတ်လမ်းတွဲ ဇူလိုင်လတွင် စတင် ရိုက်ကူးမည်

ရန်ကုန်၊ မေ ၃၁။          ။ Myanmar Media 7 ကုမ္ပဏီ မှ မင်္ဂလာရှိတဲ့အရပ် ဟု အမည်ပေးထားသည့် ရုပ်သံဇာတ်လမ်းတွဲကို ဇူလိုင်လ ၅ရက်တွင် စတင်ပြီး  ရိုက်ကူးတော့မည် ဖြစ်သည်။

မင်္ဂလာရှိတဲ့အရပ် ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပေးပွဲအခမ်းအနား ကို မေလ ၃၁ရက်တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား အောင်မြေ ၌ ပြုလုပ်ခဲ့သည်။

ထို ရုပ်သံဇာတ်လမ်းတွဲကို ဇာတ်လမ်း ၊ ဇာတ်ညွှန်း နေစိုးသော် ရေးသားထားပြီး  ဒါရိုက်တာ ဩရသ က ရိုက်ကူး ပုံဖော်သွားမည် ဖြစ်သည်။

သရုပ်ဆောင်များအဖြစ်  မြင့်မြတ် ၊ စည်ဖြိုး ၊ Kelvin Kate ၊ အေးဝတ်ရည်သောင်း ၊ နွယ်ဒါလီထွန်း တို့က အဓိက ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်သည်။

မင်္ဂလာရှိတဲ့အရပ် ဇာတ်လမ်းတွဲကို ပြင်ဦးလွင်မြို့ရှိ ကျေးရွာများတွင် သွားရောက် ရိုက်ကူးမည် ဖြစ်ပြီး ကျေးရွာ၏ ဓလေ့စရိုက်အပေါ် အခြေခံပြီး ရိုက်ကူးမည့် ကျေးလက်ဟာသ ဇာတ်လမ်းတစ်ခုလည်း ဖြစ်သည်။

ဒါရိုက်တာ ဩရသက " ဒါက ကျွန်တော့် အတွက် ဒုတိယမြောက် ရုပ်သံဇာတ်လမ်းတွဲပေါ့နော်။ ရှေ့မှာ ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ခဲ့တယ်။ အားလုံးလည်း ကြိုက်ကြတဲ့ အတွက် နောက်ထပ် ဇာတ်လမ်းတွဲ ၁ခု ထပ်ရိုက်ကြမယ်လို့ Media 7 က ကမ်းလှမ်းလာတဲ့အတွက် ရိုက်ဖြစ်တာပါ။ ကျေးလက်ရဲ့ ဓလေ့စရိုက်ကို အခြေခံပြီး ရိုက်သွားမှာပါ" ဟု ပြောသည်။

ထို ရုပ်သံဇာတ်လမ်းတွဲသည် လူသားတွေအနေဖြင့် ကိုယ် တကယ်ပျော်ရွှင်ချမ်းမြေ့ပြီး ကိုယ့်အတွက် မင်္ဂလာရှိသည့်အရပ်ကို ရွေးချယ်ကာ ကိုယ့်ဘဝကို အကောင်းဆုံးဖြတ်သန်းသင့်သည် ဆိုတာကို ပေးချင်သည့်ဇာတ်လမ်းတွဲ တစ်ခု ဖြစ်သည်။

အဆိုပါ ရုပ်သံဇာတ်လမ်းတွဲတွင် ထူးခြားချက်အနေဖြင့် ဖေ့ဘုတ် ဆိုရှယ်စာမျက်နှာတွင် ဟာသ ဗွီဒီယိုများ ရိုက်ကူးလေ့ရှိသော Kelvin Kate လည်း ပါဝင်သရုပ်ဆောင်ထားပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly