ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအထိဖြစ်လာနိုင်

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်းအထိဖြစ်လာနိုင်

ရန်ကုန်၊ မေ ၂၈ ။           ။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် မုန်တိုင်းငယ်သည် တစ်ရက်နှစ်ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းအထိ ဖြစ်လာနိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းလိုက်သည်။

“မနက်ဖြန်မှာ ပိုအားကောင်းမယ် ဆိုင်ကလုန်းအထိဖြစ်သွားနိုင်တယ်" ဟု ၎င်းကဆိုသည်။

လေတိုက်တိုက်နူန်းအနေဖြင့် တစ်နာရီမိုင် (၄၀ - ၄၅) ခန့်ရှိနိုင်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် မေ ၂၈ရက်က တိုက်ခတ်နေသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသည့် အိန္ဒိယနိုင်ငံဘက်အခြမ်းသို့ ဝင်ရောက်နိုင်သည်ဟု ဦးထွန်းလွင်က ပြောဆိုသည်။

 အဆိုပါမုန်တိုင်းငယ်သည် မေ ၂၈ ရက် နံနက်ပိုင်းက စတင်တိုက်ခတ်နေခြင်းလည်းဖြစ်သည်။

ဆိုင်ကလုန်းဖြစ်လာနိုင်သည့် အချိန်ကို ဦးထွန်းလွင်က “မနက်ဖြန် ညပိုင်းလောက်မှဖြစ်မယ်" ဟုပြောဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်ဒေသများ သည် မုန်တိုင်းငယ်နှင့် အနီးစပ်ဆုံးဖြစ်သည့် အတွက် ဂရုစိုက်နေထိုင်ရန်လိုအပ်ကြောင်းသိရသည်။

“လှိုင်းကလည်းတော်တော်များမယ် ၁၂ ပေ ၁၃ ပေ ပင်လယ်မှာပြောတာပါ" ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းသည်။

အဆိုပါ မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် တို့တွင် မေလကုန်နှင့် ဇွန်လဆန်းပိုင်းခန့်တွင် မိုးများရွာသွန်း မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လတ်တလောတွင် ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတမ်းဒေသများတွင် မိုးပိုမိုရွာသွန်းလာနိုင်ပြီး မုန်သုန်ရာသီဥတုပါ ဝင်လာနိုင်ကြောင်းသိရသည်။

မုန်တိုင်းသည် နေ့လည် (၁း၃၁) နာရီ (၃၀-၅-၂၀၁၇) နေ့လည်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ဖက်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပါလိမ့်မည်ဖြစ်ကြောင်း အမေရိကန်အခြေစိုက် မိုးလေဝသဌာန တစ်ခုကလည်းကြေငြာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly