အားလုံးကို လွမ်းတတ်ခဲ့ပြီဆိုတဲ့ ရဲတိုက် လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါ၀င်ခဲ့

အားလုံးကို လွမ်းတတ်ခဲ့ပြီဆိုတဲ့ ရဲတိုက် လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါ၀င်ခဲ့
သရုပ်ဆောင်ရဲထိုက်အား ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်တရားရုံးတွင် အမိန့်ချရန်အတွက် အချုပ်ခန်းမှ ခေါ်ဆောင်လာသည်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ရန်ကုန် ၊ မေ ၂၅။             ။ နိုင်ငံတော် သမ္မတ မှ မေလ ၂၄ရက်တွင် ပြည်တောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစုပင်လုံကို ကြိုဆိုသောအားဖြင့် နိုင်ငံရေးအကျဉ်းသား ၁၈၆ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့သော်လည်း လက်ရှိ မူးယစ်ဆေးဝါးအမှုဖြင့် အကျဥ်းကျနေသည့် သရုပ်ဆောင်ရဲတိုက် ပါဝင်ခဲ့ခြင်း မရှိသည့် အတွက် ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေးမှ ဒါရိုက်တာ ရီဇော် က ၎င်း၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ယခုလို ရေးသားခဲ့သည်။

“လက်ရှိအစိုးရကရဲတိုက်အပေါ်မှာ လူမှုရေးအရ ငဲ့ညှာထောက်ထား လိုတဲ့စေတနာ မေတ္တာမရှိဘူးလို့ မှတ်ယူပါတယ်။ ရဲတိုက်ဟာ မူးယစ်မှုကို ကျခံကျော်လွန်ပြီးလို့ ဘာသာညှိးနွမ်းစေမှုဆိုတဲ့ ယခင်အစိုးရရဲ့ အထက် အမိန့်နဲ့ ချထားတဲ့ တစ်နှစ်ပြစ်ဒဏ်ကို ထပ်ချထားလို့ ကျခံနေရတာ ဖြစ်ပါတယ်။ (တရားလို ဘုရားကျောင်းက အမှုကျေအေး ရုတ်သိမ်းပေးပါလျက်)” ဟု ရေးသားထားခြင်း ဖြစ်သည်။

မေလ ၂၄ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများထဲတွင် သရုပ်ဆောင် ရဲတိုက် ပါဝင်လိမ့်မည်ဟု ပရိသတ်များက မျှော်လင့်ထားသော်လည်း လက်ရှိလွှတ်ပေးလိုက်သည့်အချိန်မှာတော့ ပါဝင်ခဲ့ခြင်း မရှိသည့် အတွက် ဝမ်းနည်းမှုများလည်း ဖြစ်ခဲ့ကြသည်။

ယခုလို ကြေညာချက် မထုတ်ပြန်ခင် မေလ ၉ရက်တွင် ဆာတိုရီ ထုတ်လုပ်ရေးမှ သရုပ်ဆောင် ရဲတိုက် နှင့် ထောင်ဝင်စာ တွေ့ခဲ့ပြီး ၎င်းမှ ပရိသတ်များ အတွက် စာတိုလေး အမှတ်တရ   ရေးသားပေးလိုက်သည်ကို ဆာတိုရီ ထုတ်လုပ်ရေး ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြပေးထားသည်။

ထိုစာတိုလေးမှာ “ ကျွန်တော် မကြာခင်မှာ ပြန်လာခဲ့ပါတော့မယ် ။ အားလုံးကို လွမ်းတတ်ခဲ့ပါပြီ” ဟု ရေးသားထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly