သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် လွတ်ငြိမ်းခွင့်တွင်ပါမည်ဟု မိသားစုဝင်ပြော

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် လွတ်ငြိမ်းခွင့်တွင်ပါမည်ဟု မိသားစုဝင်ပြော

သာသနာရေးဝန်ကြီးဟောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့်သည် ပြည်ထောင်စုငြိမ်ချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံညီလာခံကို ကြိုဆိုသောအားဖြင့် နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်တွင် မေလ၂၄ရက်၌ တောင်ငူထောင်မှ လွတ်မည့်စာရင်းတွင် ပါဝင်ကြောင်း မိသားစုဝင်ထံက သိရှိရသည်။

"ကျွန်တော်က ကြားရတာပါ တိုက်ရိုက်တော့မသိဘူး။ ခိုင်မာတဲ့သတင်းရပ်ကွက်ပေါ့ ကျွန်တော့်ဆီကို အကြောင်းကြားလာတယ်။ သမကြီးတကြီး ကြေငြာချက်မှာ အသေးစိတ်မပါသော်လည်း အသေးစိတ်လူဦးရေစာရင်းအရ ဦးဆန်းဆင့်ပါတဲ့အကြောင်းကို တဆင့်စကားပြောလာတယ်။ ကျွန်တော်က အသေးစိတ်စာရင်းကိုမသိဘူး သိသိချင်းပဲ အကုန်လုံးကိုအကြောင်းကြားတာပါ”ဟု ဦးဆန်းဆင့် မိသားစုဝင်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

ယခင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပုဒ်မနှစ်ခုပေါင်း ထောင် ၁၃ နှစ်နှင့် ငွေဒဏ် ကျပ် ၁ သိန်းကို ၂၀၁၄ခုနှစ် အောက်တိုဘာ ၁၇ ရက် နံနက်က နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးက အမိန့်ချလိုက်ပြီး တောင်ငူအကျဉ်းထောင်တွင်ပြစ်ဒဏ်ကျခံနေရသည်။

ဦးဆန်းဆင့်အား ပြစ်မှုကြီးမှု ၄၁/၂၀၁၄ ပုဒ်မ ၄၀၉ ယုံကြည်အပ်နှံအလွဲသုံးမှုအတွက် ထောင်ဒဏ် ၃ နှစ် အမိန့်ချခဲ့ပြီး ပြစ်မှုကြီးမှု ၄၂/၂၀၁၄ ပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညိုပျက်စေမှုအတွက်ကိုမူ ထောင်ဒဏ် ၁၀ နှစ် (တစ်သက်တစ်ကျွန်း)နှင့် ဒဏ်ငွေ ကျပ် ၁ သိန်း ချမှတ်ထားခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံညီလာခံကို ကြိုဆိုသောအားဖြင့်လည်းကောင်း နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံတော်အကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန်ထမ်းဆောင်နိုင်စေရေးအတွက်လည်းကောင်း လူမှုရေးအရ ငဲ့ညာသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေသော နိုင်ငံသားအကျဉ်းသား ၁၈၆ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၀၄ပုဒ်မခွဲ (က)အရပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သည်ဟု နိုင်ငံတော်သမ္မတ ထုတ်ပြန်ထားသည်။

ယင်းအပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံကို ကြိုဆိုသောအားဖြင့်လည်းကောင်း နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးအရ ရှေးရှုသောအားဖြင့်လည်းကောင်း နိုင်ငံခြားသားအကျဉ်းသား (၇၃)ဦးအားလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂ဝ၄ပုဒ်မခွဲ(က)အရ ပြစ်ဒဏ်များအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည် ဟု နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly