Billboard ဂီတဆုပေးပွဲ၌ အဒဲလ်၏ စံချိန်ကို ချိုးဖျက်ကာ ဆုပေါင်း ၁၃ဆု ဆွတ်ခူးနိုင်ခဲ့သည့် ဒရိတ်ခ်

Billboard ဂီတဆုပေးပွဲ၌ အဒဲလ်၏ စံချိန်ကို ချိုးဖျက်ကာ ဆုပေါင်း ၁၃ဆု ဆွတ်ခူးနိုင်ခဲ့သည့် ဒရိတ်ခ်

ကနေဒါအဆိုတော်ဒရိတ်ခ်သည် Billboard ဂီတဆုပေးပွဲ၌ ဆုအများဆုံး ဆွတ်ခူးထားနိုင်သည့် ဗြိတိန်အဆို တော် အဒဲလ်၏ စံချိန်ကိုချိုးဖျက်ခဲ့ပြီး စုစုပေါင်း ၁၃ဆု ဆွတ်ခူးနိုင်ခဲ့သည်။

လာ့စ်ဗီးဂတ်စ်၌ ကျင်းပခဲ့သော ဆုပေးပွဲတွင် ဒရိတ်ခ်သည် အကောင်းဆုံးအနုပညာရှင်ဆု အပါအဝင် စုစုပေါင်း ဆု ၁၃ခုခန့် ဆွတ်ခူးနိုင်ခဲ့ကာ အဒဲလ်ထက် တစ်ဆုပိုမိုရရှိခဲ့ပြီး သူမ၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

သူသည် စင်ပေါ်သို့ ဆုလက်ခံရယူရန်အတွက် နစ်ကီမီနာ့ဂျ်၊ လီလ်ဝိန်း နှင့် သူ၏ဖခင် တို့နှင့်အတူ တက်ရောက် ခဲ့သည်။

“ကျနော် အဒဲလ်ကို ပြောချင်ပါတယ်။ ဒီစံချိန်ကို နောင်တစ်ချိန်ပြန်ပြီး ခင်ဗျားချိုးဖျက်ရယူနိုင်မှာပါ။ အခုတော့ ခဏစောင့်ပါဦး” ဟု ဒရိတ်ခ်က ဆုလက်ခံရယူခိုက်တွင် ပြောခဲ့သည်။

အဒဲလ်သည် လွန်ခဲ့သော ၂၀၁၂ ခုနှစ်က Billboard ဆုပေးပွဲတွင် အကောင်းဆုံး အဆိုရှင်ဆု၊ အကောင်းဆုံး အမျိုးသမီးအဆိုရှင်ဆု နှင့် အကောင်းဆုံးပေါ့ပ်အဆိုရှင်ဆုတို့ အပါအဝင် ဆုပေါင်း ၁၂ဆုတိတိ ဆွတ်ခူးခဲ့ကာ စံချိန်တင်ထားခဲ့သူဖြစ်သည်။

အကောင်းဆုံးမျက်နှာသစ် အဆိုရှင်ဆုကို ဇိန်းမာလစ်ခ်က ဆွတ်ခူးနိုင်ခဲ့သော်လည်း သူ၏သီချင်းအသစ်များနှင့် အလုပ်များနေရသောကြောင့် ဆုကိုလူကိုယ်တိုင် လက်ခံမယူနိုင်ကြောင်း ပရိသတ်များအားပြောခဲ့သည်။

Twenty One Pilots အဖွဲ့သည် အကောင်းဆုံးဂီတအဖွဲ့ဆုနှင့် ရော့ခ်အဆိုရှင်ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး Metallica အဖွဲ့က အကောင်းဆုံး ရော့ခ်အယ်လ်ဘမ်ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။  

အဆိုတော်ဘီယွန်းစေးကလည်း သူမ၏ Lemonade အယ်လ်ဘမ်ဖြင့် အကောင်းဆုံး R&B အယ်လ်ဘမ်ဆုကို ဆွတ်ခူးနိုင်ခဲ့သလို Chainsmokers အဖွဲ့ကလည်း အကောင်းဆုံး Dance/Electronic ဆုနှင့် Closer သီချင်းဖြင့် Hot 100 Song ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

တောင်ကိုရီးယားမှ ကေပေါ့ပ်ဂီတအဖွဲ့ BTS ကလည်း ဂျက်စတင်ဘီဘာ၊ ဆယ်လီနာဂိုမက်ဇ်တို့ကို ကျော်ဖြတ် ကာ Top Social Artist ဆုကို ဆွတ်ခူးနိုင်ခဲ့ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly