နောက်ပွင့်ယာဉ်များအား ကျောင်းကားအဖြစ် အသုံးပြုခွင့် ပေးပြီ

နောက်ပွင့်ယာဉ်များအား ကျောင်းကားအဖြစ် အသုံးပြုခွင့် ပေးပြီ

ရန်ကုန် ၊ မေ ၁၉ ။            ။ နောက်ပွင့်ယာဉ်များဖြစ်သည့် Light Truck ယာဉ်များအား ကျောင်းကားပြေးဆွဲခွင့်ကို ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ခွင့်ပြုပေးလိုက်ပြီး အစိုးရမှ မှာယူထားသော ကျောင်းကားများ မရောက်ရှိသေးသောကြောင့် ဖြစ်သည်။

ယမန်နေ့ မေလ ၁၈ ရက် ညနေက ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် နှင့် ဒဂုံမြို့နယ် ပညာရေးမှူး၊ ဒဂုံမြို့နယ်အတွင်းရှိ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံစဉ် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်ဟု ဒဂုံမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

"အခုလောလောဆယ် ကျောင်းဖွင့်တဲ့ရာသီမှာ အစိုးရက မှာယူထားတဲ့ကားတွေမရောက်သေးတဲ့အတွက် နောက်ပွင့်ကားတွေကို ခွင့်ပြုပါတယ်၊ သို့ပေမယ့် ကားတွေ အဆင်ပြေလာတဲ့အခါမှာ လုံးဝခွင့်မပြုပါဘူး၊ အဲ့ဒါလေး ဝန်ခံချက်လေးနဲ့ လုပ်ပေးပါဆိုပြီး ဝန်ကြီးက ခွင့်ပြုလိုက်တာ"ဟု ဦးကျော်ဇေယျက ပြောသည်။

ယာဉ်ကြောကြပ်တည်းမှုကို ဖြစ်စေသည့် အဓိက အစိုးရစာသင်ကျောင်း ၂၂ ကျောင်းတွင် ကျောင်းကားစနစ်ကို အကောင်အထည်ဖော်သွားရန် ရန်ကုန်တိုင်းဒေသကြီအစိုးရ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခင်က Light Truck ၊ ဒိုင်နာ ၊ ဟိုင်းလတ်ယာဉ်များကဲ့သို့ နောက်ပွင့်ယာဉ်များကို ကျောင်းကားအဖြစ် ခွင့်မပြုကြောင်း ပြောဆိုထားသည်။

အဆိုပါ ကျောင်းကားစနစ်တွင် အသုံးပြုမည့် ကားများကို ကိုရီးယားကုမ္ပဏီ( Korea Trade-Investment Promotion Agency-KOTRA၊ Pasco Daewoo Corporation) နှင့် တိုင်းဒေသကြီး အစိုးရက မေလ ၁၀ ရက်နေ့တွင် သဘောတူစာချုပ်ချုပ်ဆိုထားပြီး ကျောင်းကား အစီးရေ ၂၀၀ မှာယူထားခြင်းဖြစ်သော်လည်း ယခုနှစ် ကျောင်းဖွင့်ရာသီအမီ မရောက်ရှိနိုင်ကြောင်း သိရသည်။

အဆိုပါကျောင်းကားများကို ကျောင်းများမှ ဝယ်ယူရမည်ဖြစ်ပြီး ကျောင်းအုပ်၊ ကျောင်းအကျိုးဆောင်မိဘများ အဖွဲ့ ဖွဲ့၍ ဆောင်ရွက်ရမည် ဖြစ်ပြီး ယင်း ကျောင်းကားများကို အစိုးရထံမှ ဝယ်ယူလိုပါက ဒေါ်လာ တစ်သောင်းခန့် သက်သာမည်ဖြစ်ပြီး ကား Show Room မှ ဝယ်ယူပါက ဒေါ်လာ လေးသောင်းခန့် ကျသင့်မည်ဟု သိရသည်။

ကျောင်းကားများ မဝယ်မနေရမဟုတ်ဘဲ လက်ရှိအသုံးပြုနေသည့် ကျောင်းကားများအား စစ်ဆေးပြီး လုံခြုံစိတ်ချရသည့် အနေအထားရှိပါက ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ကားများဖြင့် ကြို့ပို့ လုပ်သူများကို ရပ်တင်ချ စနစ်ဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အစိုးရက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly