ကျွန်းတံခါးရွက် (၇၀)ကျော် တရားမဝင် တင်လာသည့်ယာဉ် ဖမ်းဆီးရမိ

ကျွန်းတံခါးရွက် (၇၀)ကျော် တရားမဝင် တင်လာသည့်ယာဉ် ဖမ်းဆီးရမိ
ဓာတ်ပုံ - တင်ရွှေ(မင်းဘူး)

မင်းဘူး (မဇ္ဈိမ)၊ မေ ၁၈ ။     ။ ငဖဲမြို့နယ် မင်းဘူး-အမ်းလမ်း ပဒါန်းကျေးရွာအနီး စာတတ်ကူ စစ်ဆေးရေးဂိတ်တွင် ကျွန်းတံခါးရွက် (၇၃)ချပ် တင်ဆောင်သည့် ၆ဘီးယာဉ် (၁)စီးအား မေလ ၁၇ ရက်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ သွားရောက်မည့် အဆိုပါယာဉ်အား မကွေးတိုင်ဒေသကြီး၊ ငဖဲမြို့နယ် စာတတ်ကူ စစ်ဆေးရေးဂိတ် အရောက်တွင် စစ်ဆေးခဲ့ရာ ကျွန်းတံခါးရွက်ချပ်များ ရှာဖွေတွေ့ရှိကြောင်း ငဖဲမြို့နယ် သစ်တောဦးစီးမှူး ဦးအောင်မင်းသူက ပြောသည်။

"ဂိတ်မှာ ကားဆရာကို ကျွန်တော်တို့ စစ်ဆေးရေးအဖွဲ့က ပန်းစာတောင်းကြည့်ပါတယ်။ နောက်ကားက ပန်းစာပေးမယ်လို့ ယာဉ်မောင်းက ပြောပါတယ်။ နောက်ကားကို ထပ်မေးကြည့်တော့ သူတို့နဲ့ မဆိုင်ဘူးပြောလို့ ရှေ့က ကားကို တားထားပြီး မိုးကာလှပ်ပြီး ရှာဖွေစစ်ဆေးတဲ့အခါ ယာဉ်ပေါ်မှာ ကျွန်းတံခါးရွက်ချပ်တွေ့ တင်ဆောင်လာတာ တွေရှိရပါတယ်"ဟု ပဒါန်းဘိနယ်၊ တာဝန်ခံ တောအုပ်ဦးဖုန်းနေဝင်းက ပြောသည်။

အဆိုပါယာဉ်သည် ကျွန်းတံခါးရွက် (၇၃)ချပ်၊ (၂.၀၂၅၀)တန်အား၊ စက္ကူပုံများ၊ သွပ်ချပ်များ၊ ရေသန့်ဗူးခွန်များနှင့် ဖုံးအုပ်ခိုးဝှက် သယ်ဆောင်လာခြင်းဖြစ်ကြောင်း စာတတ်ကူဂိတ် တာဝန်ကျ သစ်တောရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျွန်းတံခါးရွက်ချပ်များ သယ်ဆောင်မောင်းနှင်လာသည့် ယာဉ်မောင်း အောင်ထက်ဇော်(၂၁)နှစ်၊ (ဘ)ဦးမြင့်ဇော်၊ ဥသျှစ်ပင်မြို့ ၊ ယာဉ်နောက်လိုက် အောင်အောင်(၂၆)နှစ်၊ (ဘ)ဦးမြင့်စိန်၊ ခုံကြီးကျေးရွာ၊ ဥသျှစ်ပင်မြို့၊ ယာဉ်ပိုင်ရှင်နှင့် သစ်အရောင်းကိုယ်စားလှယ်တို့ စုစုပေါင်း(၄)ဦးအား ငဖဲမြို့မရဲစခန်းတွင် ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly