မဇ္ဈိမသတင်းဌာန ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဩဂုတ် ၁ရက်မနက်ပိုင်းကစပြီး မိုးပြတ်သွားသော်လည်းရေတက်နေဆဲဖြစ် ပြီးဘေးလွတ်ရာ သို့ပြောင်းရွှေ့နေကြရသည့် ဒုက္ခသည်ဦးရေမှာလည်း ပိုမိုများပြားလာသည်ဟု ကလေးမြို့ခံ ကိုဖိုးသားက ဩဂုတ် ရက် မွန်းလွဲ ၁နာရီကျော်တွင် အတည်ပြုပြောကြားသည်။
ကလေးမြို့ပေါ်အထိ တက်လာသည့်ရေမှာ ယနေ့မနက်မှ နေ့လည်ပိုင်းအထိ ၆လက်မခန့် မြင့်တက်လာသည်ဟု ကိုဖိုးသားက ဆိုသည်။
`ဒုက္ခသည်ဦးရေက တိုးနေဆဲပါ။ အဓိကကတော့ ကျောင်းတွေမှာပေါ့။ တစ်ချို့က ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်း၊ တစ်ချို့လည်း နေရာမဲ့နေဆဲပါ´ ဟု ကိုဖိုးသားက ပြောသည်။
ဒေသခံအချို့မှာ နေစရာအပြင် စားစရာပါ အခက်အခဲရှိလာပြီး ရေဘေးသင့် ဒုက္ခသည်ဦးရေမှာ လက်ရှိတွင် ၈၀၀၀ကျော်ခန့်ရှိနေပြီဟု ကလေးမြို့တွင် သွားရောက်သတင်းယူနေသည့် သတင်းထောက် ကိုမြတ်ကျော်သူက ရှင်းပြသည်။