မင်္ဂလာတောင်ညွန့်ပဋိပက္ခတွင် ပါ၀င်သူ ခုနှစ်ဦးကို ဖမ်းဝရမ်းဖြင့် စတင်ဖမ်းဆီး၊ လက်ရှိအချိန်အထိ နှစ်ဦးသာ ဖမ်းမိထား

မင်္ဂလာတောင်ညွန့်ပဋိပက္ခတွင် ပါ၀င်သူ ခုနှစ်ဦးကို ဖမ်းဝရမ်းဖြင့် စတင်ဖမ်းဆီး၊ လက်ရှိအချိန်အထိ နှစ်ဦးသာ ဖမ်းမိထား

ရန်ကုန်၊ မေ ၁၂ ။  ။ မင်္ဂလာတောင်ညွန့် ပဋိပက္ခတွင် ပါဝင်သူ သံဃာနှစ်ပါးနှင့် အမျိုးသားရေးလှုပ်ရှားသူဟု အမည်ခံထားသူ ငါးဦး စုစုပေါင်း ခုနှစ်ဦးအား ပုဒ်မ နှစ်ခုဖြင့် မေလ ၁၁ ရက် ညနေပိုင်းက ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ စတင်ဖမ်းဆီးနေပြီး ကိုလတ်နှင့် ဇနီး မအောင်အောင်မြင့်တို့ကို ဖမ်းဆီးထားပြီဖြစ်သည်ဟု မင်္ဂလာတောင်ညွန့် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

"လက်ရှိအချိန်အထိတော့ ကိုလတ်နဲ့ သူ့ဇနီး မအောင်အောင်မြင့်ပဲ မိသေးတယ်လို့ ကြားတယ်" ဟု ဦးလှဌေးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

မြယာကုန်းလမ်း ၁၂၂ လမ်းနှင့် ၁၂၃ လမ်းမှ တိုက်တစ်တိုက်ရှိ ငါးလွှာနှင့် ရှစ်လွှာ အခန်းတို့ကို သွားရောက်စစ်ဆေးခဲ့သည့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးသုစိတ္တ၊ ဦးပညာဝံသ နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုလတ်(ခ) တင်ထွဋ်ဇော်နှင့် ဇနီး မအောင်အောင်မြင့်၊ တင်လင်းထိုက်၊ တင်ဌေးအောင်၊ မြတ်ဘုန်းမိုရ် တို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် မင်္ဂလာတောင်ညွန့် မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ခင်မောင်ဦးက တရားလိုပြုပြီး အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၅၀၅ (ဂ)သည်လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါလှုံ့ဆော် ခြင်းကို ဖြစ်တန်ရာသည် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်နိုင်သည်။ 

ပုဒ်မ ၃၄ သည် အကြံတူတစ်ခုကို အထမြောက်စေခြင်းငှာ၊ တစ်ဦးထက်ပိုသောသူများက ပြုခြင်း၊ တစ်ဦးထက်ပိုသော သူများသည် မိမိတို့၏အကြံတူ တစ်ခုကို အထမြောက်စေရန် ရည်ရွယ်၍ ပြစ်မှုကို ပြုလုပ်ခဲ့လျှင် ထိုပြုလုပ်မှုကို တစ်ဦးတည်းသိသကဲ့သို့ ထိုသူအသီးသီး၌ တာဝန်ရှိသည်ဟု ရာဇသတ်ကြီးတွင် ဖော်ပြထားသည်။

အစိုးရမှ အမျိုးသားရေးလှုပ်ရှားသူများဟု အမည်ခံထားသည့် သူများကို ဖမ်းဝရမ်းထုတ်ပြီး ဖမ်းဆီးချိန်တွင် အမျိုးသားရေး လှုပ်ရှားမှုများကို ပူးပါင်းဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းထားသည်ဆိုသော အမျိုးသားရေးညွန့်ပေါင်းချုပ်အဖွဲ့ (ရန်ကုန်) ကို ယာယီဖျက်သိမ်း ကြောင်းအဆိုပါ အဖွဲ့ကကြေညာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly