၂၁ရာစုပင်လုံကျင်းပမည့်ကာလအတွင်း NCA ထိုးထားသည့်အဖွဲ့အချင်းချင်း ထိတွေ့မှုမရှိစေရန် ဒုဗိုလ်ချုပ်ကြီး တိုက်တွန်း

၂၁ရာစုပင်လုံကျင်းပမည့်ကာလအတွင်း NCA ထိုးထားသည့်အဖွဲ့အချင်းချင်း ထိတွေ့မှုမရှိစေရန် ဒုဗိုလ်ချုပ်ကြီး တိုက်တွန်း

ရန်ကုန်၊ မေ ၃ ။             ။ ဒုတိယအကြိမ် ၂၁ ပင်လုံ ကျင်းပတော့မည့် ကာလအတွင်း NCA ထိုးထားသည့်အဖွဲ့ဝင်များအနေဖြင့် အချင်းချင်း ထိတွေ့တိုက်ပွဲများမရှိအောင်နေကြစေလိုကြောင်း   ပြည်ထောင်စုအဆင့်   ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တိုက်တွန်းလိုက်သည်။

၂၁ ပင်လုံကို မေလအတွင်းမှာ ကျင်းပတော့မည်ဟု ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နေပြည်တော်မှာ လုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

"၂၁ ရာစုပင်လုံညီလာခံကျင်းပတော့မယ့် ကာလအတွင်းမှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအနေနဲ့ မြေပြင်မှာထိတွေ့တိုက်ခိုက်မှု မရှိအောင် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ သံသယတွေကို အောက်ခြေအဆင့်မှာပဲ ကျေလည်အောင် ညှိနှိုင်းဖြေရှင်းသွားမယ် တကယ်လို့မကျေလည်ဘူးဆိုရင်လည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ရိုက်ညှိနှိုင်းပြီးတော့မှ ဖြေရှင်းနိုင်မယ့်ကိစ္စ၊ ကျွန်တော်တို့အနေနဲ့ မဖြေရှင်းနိုင်တဲ့ကိစ္စမရှိပါဘူး" ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုလိုက်သည်။

ယနေ့ (မေ ၃ရက်) ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)တွင် လုပ်ခဲ့သည့် ကော်မတီ၏ ဒသမအကြိမ်မြောက် ပုံမှန်အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

"ဒီကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ JMC အဖွဲ့ဝင်တွေအနေနဲ့ ဒါလေးတွေကို ဦးစားပေးပြီးတော့မှ စီမံဆောင်ရွက်ပေးပါလို့ တိုက်တွန်းလိုပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောသည်။

NCA ထိုးထားတဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာ သံသယ တွေရှိခဲ့ပါက တစ်ဖွဲ့နှင့် တစ်ဖွဲ့ စားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင် ညှိနှိုင်းပြီးဆွေးနွေးမည်ဆိုပါက အဆင်ပြေနိုင်မည့် အနေအထားရှိသည်ဟုလည်း ၎င်းကဆိုသည်။

ပြည်ထောင်စုအဆင့် ပစ်ခေတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) သည် တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ် (NCA) ထိုးထားသည့်အဖွဲ့ဝင်များအကြား ထိတွေ့မှုမဖြစ်ရန်နှင့် တိုက်ခိုက်မှုဖြစ်ပွားပါက ပြန်လည်ဖြေရှင်းပေးရန် NCA စာချုပ်အရ ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။

ယနေ့ပြုလုပ်သည့်အစည်းအဝေးကို NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များ၊ တပ်ဘက်မှကိုယ်စားလှယ်များနှင့် JMC အလုပ်အဖွဲ့များတတ်ရောက်ခဲ့ပြီး   ပြည်နယ်အဆင့် ကော်မတီ (JMC-S) များဖွဲ့စည်းရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါကိုယ်စားလှယ်များသည် JMC နှင့်ပတ်သက်သည့် ကိစ္စရပ်များကို မေ ၃ ရက်မှ ၅ရက်အထိ ၃ရက်ကြာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)  တွင်ဆွေးနွေးကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags