ပထမဆုံး မြန်မာ့ဆန်လုပ်ငန်းညီလာခံကို ရန်ကုန်မြို့တွင် ကျင်းပခဲ့

ပထမဆုံး မြန်မာ့ဆန်လုပ်ငန်းညီလာခံကို ရန်ကုန်မြို့တွင် ကျင်းပခဲ့
ဓာတ်ပုံ-ထွဋ်ထွဋ်နိုင်

မြန်မာနိုင်ငံ၏ ဆန်စပါးလုပ်ငန်းနှင့် စဉ်ဆက်မပြတ် တိုးတက်သော ကုန်သွယ်မှု ဖြစ်ပေါ်စေရေးကို အားပေးထောက်ပံ့ရန်အတွက်  ပထမဆုံး မြန်မာ့ဆန်လုပ်ငန်းနှီးနှောဖလှယ်ခြင်းဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခုကို ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ဧပြီလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားကိုကမ္ဘာ့ဘဏ် အုပ်စုအဖွဲ့ဝင်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း-IFC၊ ကမ္ဘာ့ဆန်ကုန်သည်-The Rice Traderနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က အဓိက ကူညီပံ့ပိုးစီစဉ်ခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ အကူအညီပေးဖို့ ဒီကိုလာခဲ့တာပါ၊ ဟိုအရင်နှစ်တွေတုန်းကတည်းက ဒီကိုလာပြီး ဒီလိုအခမ်းအနားကို ပြုလုပ်ပေးဖို့ ကျွန်တော့်ရဲ့မြန်မာမိတ်ဆွေတွေက အတင်းအကြပ်ပြောဖူးတယ်၊ သူတွေ ဇွဲကောင်းတယ်ဗျ၊ ကျွန်တော့အနေနဲ့လည်း မြန်မာမှာ အလားအလာအများကြီးရှိတယ်ဆိုတာ သိမြင်ထားတယ်”ဟု ကမ္ဘာ့ဆန်ကုန်သည် (The Rice Trader) ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ Jeremy Zwinger က မဇ္စျိမကို ပြောသည်။

ရည်ရွယ်ချက်များအနေနှင့် ကမ္ဘာလုံးဆိုင်ရာ ဆန်စပါးကုန်သွယ်မှုအတွင်း မြန်မာနိုင်ငံ၏ တိုးတက်မှုနဲ့ အရေးပါလာမှုကိုအသိအမှတ်ပြုသောကြောင့် အဆိုပါ ဒီနှီးနှောဖလှယ်ပွဲကို ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆန်စပါးတင်ပို့မှုကဏ္ဍ တန်ဖိုးကြီးထွားလာစေရန် စုဝေးမှုတစ်ခု ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်ကျင်းပသော မြန်မာ့ဆန်လုပ်ငန်းနှီးနှောဖလှယ်ခြင်းဆိုင်ရာ ညီလာခံတွင် နိုင်ငံ၏ ဆန်လုပ်ငန်းအတွင်းအခွင့်အလမ်းနှင့် စိန်ခေါ်စရာများ၊ မြန်မာ့ဆန်ဝယ်လက်များ ရင်ဆိုင်နေရသော စိန်ခေါ်စရာများ၊ ဆန်အရည်အသွေး၊ ဆန်စက်နည်းပညာနှင့် ပတ်သတ်သော အကြောင်းအရာများအပြင် မြန်မာနိုင်ငံ၏ ဆန်ပြည်ပတင်ပို့ခြင်းစျေးကွက်နှင့် နယ်ပယ်များစသည့် အကြောင်းအရာများကို ပြည်တွင်းဆန်စက်ပိုင်ရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ကမ္ဘာလုံးဆိုင်ရာ ဆန်ကုန်သည်များနှင့် လုပ်ငန်းနယ်ပယ်အကြောင်းအထူးကျွမ်းကျင်သူများက နှီးနှောဆွေးနွေးခဲ့ ကြသည်။

“ ဆန်စပါးလုပ်ငန်းတိုးတက်ဖို့ လုပ်သွားရမှာတွေက အများကြီးပဲ၊ မြန်မာဟာဟိုအရင် တစ်ချိန်တုန်းက ကမ္ဘာမှာဆန်တင်ပို့တဲ့ ထိပ်တန်းနိုင်ငံပဲလေ၊ ဒါကိုရှေ့ဆက်တိုးတက်ဖို့ လုပ်ရမှာ၊ စပါးမျိုးစေ့ အရည်အသွေးတိုးတက်ဖို့နဲ့ ဆန်စက်အရည်အသွေးပိုင်းတွေ တိုးတက်ဖို့ လိုအပ်သလို ကမ္ဘာ့ဆန်ဝယ်လက်တွေ သူတို့ ဒီကနေ ဆန်ဝယ်ယူချင်တဲ့အခါ သူတို့ကိုယုံကြည်စိတ်ချမှု ရှိစေအောင်လုပ်ကိုင်ဖို့ လိုအပ်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း-IFC ၏ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာအထူးကျွမ်းကျင်သူ Charles Schneider က မဇ္စျိမကို နိုင်ငံ၏ ဆန်လုပ်ငန်းစျေးကွက် တိုးမြှင့်နိုင်ဖို့ အကြံပြုထားသည်။

မြန်မာနိုင်ငံ၏ ဆန် ပြည်ပတင်ပို့မှုအနေနှင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှ စတင်ကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ ၅ နှစ်ဆက်တိုက် တင်ပို့မှုတန်ချိန်ပေါင်း ၁ သန်းကျော် နှင့် တိုးတက်မှုများရှိလာခဲ့ပြီးယင်းအချိ်န်ကာလ ၅ နှစ်အတွင်းတွင် နိုင်ငံ၏ စုစုပေါင်း ဆန်ပြည်ပတင်ပို့မှုသည် တန်ချိန်ပေါင်း ရ သန်းခွဲ (၇.၅ သန်း) တင်ပို့ထားပြီးလည်း ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၏ စာရင်းများအရသိရသည်။

 “ကျွန်တော်တို့ နိုင်ငံရဲ့ ဆန်စပါးတင်ပို့မှုကလည်းတစ်ဖြည်းဖြည်းတိုးတက်လာတယ်၊ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကလည်း ဆန်စပါးတန်ချိန်ပေါင်း ၁.၇ သန်းတင်ပို့နိုင်ခဲ့တယ်၊ အခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာဆိုရင် တန်ချိန်ပေါင်း ၂ သန်းလောက် တင်ပို့နိုင်ဖို့ မုန်းထားတယ်၊ ပြီးတော့ ၂၀၂၀ ခုနှစ်မှာ ဆန်တန်ချိန်ပေါင်း ၃ သန်းကို ပြည်ပတင်ပို့နိုင်ဖို့ ကျွန်တော် မျှော်မှန်းထားတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမျိုးအောင်ကျော်က မဇ္စျိမကို ပြောပါတယ်။

ထို့အပြင် ပို့ကုန်ဝင်ငွေကိုလည်း ၂၀၂၂ ခုနှစ်တွင် ဆန်ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ (၁ ဘီလီယံ) ရရှိရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနှင့် မျှော်မှန်းထားသည်ဟုလည်း သိရသည်။

ယင်းသို့ မျှော်မှန်းချက်များအတိုင်း ပြည့်မီရန် ဖြစ်နိုင်ချေများစွာရှိသည်ဟုလည်း အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျော်က မဇ္စျိမကို ဖြည့်စွက်ပြောဆိုသည်။

“ မဖြစ်နိုင်ဘူးလားဆိုရင် ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်၊ နံပတ်(၁) အချက်အနေနဲ့ စပါးမျိုးနဲ့ ပတ်သတ်ပြီးတော့ အစိုးရရဲ့ မျိုးသန့်ခြံအပြင် ပုဂ္ဂလိဘက်ကလည်း ဒီအပေါ်မှာ တော်တော်လေး တွန်းအားပေးလာနေပါတယ်၊ ဒီမျိုးသန့် သုံးတာလေးနဲ့တင် ကျွန်တော်တို့ ရဲ့ ဆန်စပါးထုတ်လုပ်မှုက ၁၅% ကနေ ၂၀% တက်သွားနိုင်တယ်၊ နောက်တစ်ချက်က ကျွန်တော်တို့ ရိတ်သိမ်းမှုစနစ်တွေ ပြောင်းလာတယ်၊ အဲဒီလိုပြောင်းလာတော့ လေလွင့်ဆုံးရှုံးမှုတွေ နည်းလာတယ်” ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကျော်က ပြောသည်။

လယ်ကွက်အတွင်းသမားရိုးကျ ရိတ်သိမ်းပြီးဆန်ဖြစ်လာသည်အထိလုပ်ငန်းစဉ်များတွင် ဆုံးရှုံးမှုအလေအလွင့် ၁ဧကတွင် ၁၀% မှ ၁၅% အထိရှိနေပြီး Combine Harvester (ကောက်ရိတ်ခြွေစက်) ကို အသုံးပြုလာခြင်းကြောင့် ဆန်စပါးလေလွင့်ဆုံးရှုံးမှု ၂ % သာ ရှိတော့သည်ဟု ဒေါက်တာမျိုးအောင်ကျော်က ပြောသည်။

“တစ်ဘက်ကလည်း ရိတ်သိမ်းချိန်ဆို ရာသီဥတုက ဆိုးတာကြောင့် ဆန်စက်တွေနဲ့ တောင်သူတွေအပိုင်းမှာ သင့်တော်တဲ့ အပူချိန်(ခြောက်သွေ့မှု)တွေပေးနိုင်မယ့် အခင်းအကျင်းမျိုးကို တပ်ဆင်နိုင်ဖို့ လိုတယ်”ဟုဒေါက်တာမျိုးအောင်ကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly