အလိုမတူဘဲ အကြိမ်ကြိမ် ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့ဟု ပခုက္ကူမှ ကာယကံရှင်ပြော

အလိုမတူဘဲ အကြိမ်ကြိမ် ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့ဟု ပခုက္ကူမှ ကာယကံရှင်ပြော

ရန်ကုန်၊ ဧပြီ ၂၈ ။           ။ ပခုက္ကူမြို့တွင်ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုတွင် မျိုးဇော်ထွေးဆိုသူက အလိုမတူ  ခြိမ်းခြောက်ပြီး နှစ်လကျော်သည်အထိ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု ကာယကံရှင်ဖြစ်သူ မနီနီလွင်ကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတည်းက စတင် ကျူးလွန်ခံခဲ့ရပြီး ၎င်း၏ မဖွယ်ရာဓာတ်ပုံများကို ရိုက်ကူးယူထားကာ ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ကာယကံရှင် အမျိုးသမီးက ဆိုသည်။

" လွတ်မြောက်ချင်တဲ့၊ ပြောတဲ့အချိန်တိုင်းပဲ ဒီပုံတွေကိုအကြောင်းပြပြီး တည်းခိုခန်း၊ သူရဲ့ အခုလက်ရှိ ကျူးလွန်ခဲ့တဲ့အိမ်၊ အဲ့ဒီအိမ်တွေကိုလည်း အခါအားလျော်စွာ ထပ်မံ၊ ထပ်မံပြီးတော့ ခေါ်ခဲ့ပါတယ်။ ကျွန်မ စပြီးကျူးလွန်ခံခဲ့ရတဲ့ညက ၄ ရက် ၊ ၂လ ၊ ၂၀၁၇ ည၊ အခု ၄ လပိုင်း ၂၁ ရက်နေ့အထိဆိုရင် နှစ်လကျော်ကြာမှာပါရှင့် " ဟု မနီနီလွင်က ပြောဆိုသည်။

ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်(MJN) ရုံးခန်းတွင် ယနေ့ ဧပြီလ ၂၈ ရက်တွင် ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများမှ မေးမြန်းစဉ်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးဇော်မျိုးထွေးနှင့် မနီနီလွင်တို့မှာသမီး ရည်းစား မဟုတ်သောကြောင့်  ရဲစစ်ချက်တွင်" တရားလိုနှင့်သမီးရည်းစားဖြစ်နေပြီး တရားလိုအားအလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခြင်း " ဟူ၍ ဖော်ပြထား၍  ပြင်ဆင်ပေးရန် ရဲစခန်းကို သွားရောက် အကြောင်းကြားသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပုခုက္ကူမြို့မရဲစခန်းသို့ မဇ္စျိမမှ ဆက်သွယ်ရန်ကြိုးစားသော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ပခုက္ကူမြို့နယ်ရှိ ပရဟိတအဖွဲ့တစ်ခု၏ တာဝန်ခံဆိုသူကို မျိုးဇော်ထွေးကို ပခုက္ကူမြို့မရဲစခန်းတွင် မုဒိမ်းမှုဖြင့် ဧပြီလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မျိုးဇော်ထွေး အား ဧပြီလ ၂၄ရက်နေ့တွင် ပခုက္ကူမြို့မရဲစခန်း အချုပ်မှ ပခုက္ကူ အကျဉ်းထောင်အချုပ် သို့ ရွှေ့ပြောင်းထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly