ကမန်တိုင်းရင်းသားများ၏ မူလနေရာကို အမြန်ဆုံးပြန်လည်တည်ထောင်ပေးရန်တောင်းဆို

ကမန်တိုင်းရင်းသားများ၏ မူလနေရာကို အမြန်ဆုံးပြန်လည်တည်ထောင်ပေးရန်တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၆ ။            ။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ရှိ ကမန်တိုင်းရင်းသားများ၏ မူလနေရာကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးပြန်လည်တည်ထောင်ပေးရန် ဒေသခံအားလုံးကိုယ်စား ကမန်အမျိုးသားတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းကတောင်းဆိုလိုက်သည်။

"ကျွန်တော်တို့ရဲ့ပြန်လည်ထူထောင်ရေးကို အစိုးရက လုပ်ကိုလုပ်ပေးရမယ်။ ဘာလို့လည်းဆိုတော့ အစိုးရရှေ့တင် ကျွန်တော်တို့မီးရှို့ခံရတာ။ အစိုးရက ကျွန်တော်တို့တိုင်းရင်းသားတွေနိုင်ငံသားတွေကို တာဝန်မယူနိုင်ရင်ဘာလို့အစိုးရလုပ်နေလဲ။ အစိုးရဆိုတာ တာဝန်ယူရမယ် တာဝန်ခံရမယ် ဥပဒေနဲ့မညီရင် ကျွန်တော်တို့ကိုအရေးယူလို့ရတယ် " ဟု ၎င်းကပြောဆိုသည်။

ဒေသခံကမန်တိုင်းရင်းသားများ၏ မူလပိုင်မြေနေရာများတွင် ကမန်တိုင်းရင်းသားများအား ပြန်လည်ထူထောင်ရေး အမြန်ဆုံးဆောင်ရွက်ပေးရန် ကမန်တိုင်းရင်းသားဒေသခံများက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဧပြီ ၂၆ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သည့် ပြသာနာအရပ်ရပ်တွင် ရမ်းဗြဲမြို့နယ်ရှိ ကမန်တိုင်းရင်းသားများ၏ နေအိမ်များ နှင့် သာသနိကအဆောက်အဦးများကို ရခိုင်တိုင်းရင်းသားအချို့က နားလည်မှုလွဲမှားပြီး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်လှိုင်ဝင်း ကဆက်လက်ပြောသည်။

ကမန်တိုင်းရင်းသားများသည် ၂၀၁၂ ခုနှစ်မှစတင်ကာ ၂၀၁၇ ထိ ၅နှစ်နီးပါး ရမ်းဗြဲမြို့ရှိကယ်ဆယ်ရေးစခန်းများတွင် ကုလသမဂ္ဂ၏ အထောက်အပံ့ဖြင့် နေထိုင်ခဲ့ရပြီး ၂၀၁၂ ခုနှစ်မတိုင်မှီထိ လူဦးရေ ၆၀၀ ခန့်ရှိခဲ့ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှသိရသည်။

ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၏ ၆ လပတ်အစီရင်ခံစာအရ ရမ်းဗြဲမြို့ရှိ ကမန်တိုင်းရင်းသားများ၏ မူလနေရာများတွင် ပြန်လည်ထူထောင်ရေး လုပ်ပေးခြင်းအားဖြင့် ရခိုင်ပြည်နယ် အေးချမ်းရေးကို စတင်ဆောင်ရွက်ရန် အကြံပြုချက်အား နိုင်ငံတော်အတိုင်ပင်ခံရုံးမှ အကောင်အထည်ဖော်ပေးမည်ဟု ကြေငြာထားပြီးလည်းဖြစ်သည်။ 

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကမန်တိုင်းရင်းသား ဦးရေ ၅ သောင်းခန့်ရှိကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly