သိမ်ကြီးစျေးအပါအဝင် ရန်ကုန်ရှိစျေးကြီး ၂၁စျေးကို အဆင့်မြှင့်တင်မည်

သိမ်ကြီးစျေးအပါအဝင် ရန်ကုန်ရှိစျေးကြီး ၂၁စျေးကို အဆင့်မြှင့်တင်မည်

ရန်ကုန်၊ ဧပြီ ၂၅ ။              ။ သိမ်ကြီးစျေး(C)ရုံ အပါအဝင် ရန်ကုန်မြို့ရှိ စျေးကြီး ၂၁ စျေးကို အဆင့်မြှင့်တင်မှုများ လုပ်ဆောင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးမြင့်သောင်းက ပြောဆိုလိုက်သည်။

"ကျွန်တော်တို့ စျေးတွေကို ဦးစားပေးအဖြစ် ပြင်ဆင်ဆောက်လုပ်ဖို့ စျေးပေါင်း ၂၁ စျေး  ရှိပါတယ်။ အဲ့ဒီမှာ ပန်းဘဲတန်းမြို့နယ်က သိမ်ကြီးစျေး (C)ရုံ အပါအဝင် ဖြစ်ပါတယ်" ဟု ဦးမြင့်သောင်းက ဆိုသည်။

ယနေ့ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး စတုတ္ထပုံမှန်အစည်းအဝေး ကိုးရက်မြောက်နေ့တွင် ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က သိမ်ကြီးစျေးကို အဆင့်မြှင့်တင်ရန် အစီအစဉ် ရှိမရှိ မေးမြန်းမှုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး၏ ဖြေဆိုချက်တွင် အဆင့်မြှင့်တင်မည့် စျေးကြီး ၂၁ စျေး၏ နာမည်စာရင်းကို ထည့်သွင်းဖြေဆိုခဲ့ခြင်း မရှိသော်လည်း ကြည့်မြင်တိုင်ညစျေး၊ စံပြစျေးစသည့် စျေးများသည် အဆင့်မြှင့်တင်မည့် စာရင်းတွင်ပါဝင်လာခဲ့သည်။

"လက်ရှိစျေးတွေကို ခေတ်မှီအဆင့်မြှင့် စျေးတွေဖြစ်လာစေဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်၊ အဲ့လိုဆောင်ရွက်တဲ့ အခါမှာ ရရှိထားတဲ့ ဘတ်ဂျက်ဘောင်အတွင်းက မဟုတ်ဘဲ Public Private Partnership စနစ်နဲ့ အကောင်အထည်ဖော်ဖို့ စီစဉ်လျက်ရှိပါတယ်" ဟု ဦးမြင့်သောင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly