Billboard ဇယားတွင် ပွဲဦးထွက်အကောင်းဆုံး အယ်လ်ဘမ်ဖြစ်လာခဲ့သည့် ကန်ဒရစ်ခ်လာမား၏ Damn

Billboard ဇယားတွင် ပွဲဦးထွက်အကောင်းဆုံး အယ်လ်ဘမ်ဖြစ်လာခဲ့သည့် ကန်ဒရစ်ခ်လာမား၏ Damn

နာမည်ကျော်ရက်ပ်အဆိုတော် ကန်ဒရစ်ခ်လာမားသည် Billboard အယ်လ်ဘမ်ဇယား၌ သူ၏ နောက်ဆုံး ထွက်ရှိထားသော Damn အယ်လ်ဘမ်ဖြင့် တစ်နှစ်တာ ပွဲဦးထွက်အကောင်းဆုံး အယ်လ်ဘမ်ပိုင်ရှင် ဖြစ်လာခဲ့ ပြီး အချပ်ရေ ၆၀၀၀၀၀ ခန့် ရောင်းချခဲ့ရကာ ဒရိတ်ခ်၏ More Life အယ်လ်ဘမ်ကို မှေးမှိန်သွားစေနိုင်ခဲ့သည်။

ဂရမ်မီဆုများပိုင်ရှင် လာမား၏ သုံးချပ်မြောက် သီချင်းခွေဖြစ်သော Damn သည် Billbaord ၏ အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်ထားနိုင်ပြီး ပထမဦးဆုံးအပတ်မှာတင် အချပ်ရေ ၆၀၃၀၀၀ ခန့် ရောင်းချထားနိုင်ခဲ့ကြောင်း Nielsen SoundScan ၏ အဆိုအရ သိရသည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်ရောင်းချရမှုများ၊ သီချင်း ရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ် မှတ်ခြင်း ဖြစ်သည်။

ပြီးခဲ့သော မတ်လကထွက်ရှိခဲ့ပြီး ပထမအပတ်မှာတင် အချပ်ရေ ၅၀၅၀၀၀ ခန့် ရောင်းချနိုင်ခဲ့သော ကနေဒါရက်ပ်ပါ ဒရိတ်ခ်၏ More Life အယ်လ်ဘမ်၏ ပွဲဦးထွက် ရောင်းအားအကောင်းဆုံး စံချိန်အား လာမား၏ Damn အယ်လ်ဘမ်က ချိုးဖြတ်သွားနိုင်ခဲ့ပြီ ဖြစ်သည်။

ယခုအပတ် Billbaord အယ်လ်ဘမ် ၂၀၀ ဇယားတွင် နံပါတ် ၂ နေရာ၌ အချပ်ရေ ၁၃၂၀၀၀ ခန့် ရောင်းချနိုင်ခဲ့ သော အဆိုတော်နှင့် သီချင်းရေးဆရာဖြစ်သူ ဂျွန်မေယာ၏ နောက်ဆုံးထွက်ရှိထားသည့် Search For Everything အယ်လ်ဘမ်က ရပ်တည်နေပြီး ဒရိတ်ခ်၏ More Life အယ်လ်ဘမ်က အချပ်ရေ ၈၇၀၀၀ ခန့် ရောင်းချထားနိုင်ကာ နံပါတ် ၃ နေရာတွင် ရပ်တည်လျက်ရှိသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly