ဒုတိယအကြိမ် ၂၁ ပင်လုံက နိုင်ငံရေးပြသာနာတွေကို အကျေအလည်ဆွေးနွေးရမည့်ညီလာခံဖြစ်လာနိုင်ဟု ခွန်ဥက္ကာပြော

ဒုတိယအကြိမ် ၂၁ ပင်လုံက နိုင်ငံရေးပြသာနာတွေကို အကျေအလည်ဆွေးနွေးရမည့်ညီလာခံဖြစ်လာနိုင်ဟု ခွန်ဥက္ကာပြော

ရန်ကုန်၊ ဧပြီ ၂၅ ။            ။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရလက်ထက် ဒုတိယအကြိမ် ကျင်းပမည့် ၂၁ရာစု ပင်လုံက နိုင်ငံရေးပြသာနာတွေကို အကျေအလည်ဆွေးနွေးရမည့် ညီလာခံဖြစ်လာနိုင်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး (PNLO) က နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောဆိုလိုက်သည်။

“ဒီတစ်ခေါက်ကတော့တကယ့်ကိုပဲတိုင်းပြည်ရဲ့ ပြည်လည်တည်ဆောက်ဖို့ ဖက်ဒရယ်မူကိုတည်ဆောက်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပြသာနာတွေကိုရှင်းဖို့ ထဲထဲဝင်ဝင် အကျေအလည်ဆွေးနွေးမယ့် ညီလာခံဖြစ်လာနိုင်တယ်။ အကျေအလည်ဆွေးနွေးရမယ်ဆိုတဲ့ အခါကြတော့ တတ်ရောက်တဲ့သူတွေက ကိုယ်စားလှယ်ဆိုတဲ့အဆင့်အတန်းနဲ့ ကိုယ်စားပြုမှုဆိုတာပါဖို့လိုပါတယ်။ ပြီးတော့ လုပ်ပိုင်ခွင့်လိုပါတယ်။ ကိုယ်စားပြုမှုနှင့် လုပ်ပိုင်ခွင့်နဲ့ ကိုယ်စားလှယ်များတတ်ရောက်ပြီးတော့ နိုင်ငံရေးသဘောတူချက်ဆိုတဲ့ရလာဒ်တွေထွက်အောင် ဆွေးနွေးရမယ့်ပွဲဖြစ်တာပေါ့။ ဒါကြောင့် ဒီတစ်ပွဲကတော့ ပိုပြီး အသက်ပါတယ်ပေါ့ဗျာ။ ပိုပြီးတော့ နိုင်ငံရေးအဓိပ္ပာယ်ပြည့်ဝတယ်လို့ပြောလို့ရတာပေါ့ဗျာ။ အရင်နဲ့ကွာခြားချက်ဖြစ်ပါတယ်" ဟု ၎င်းကပြောဆိုသည်။

နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်တွင် ဧပြီ၂၄ ကပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင် အထည် ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) အပြီး မဇ္ဈိမက ဆက်သွယ်မေးမြန်းစဉ်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လာမည့် မေ ၂၄ရက်တွင် ကျင်းပမည့် ၂၁ရာစု ပင်လုံ အစည်းအဝေးသည် နိုင်ငံတော်အဆင့်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖြစ်သည့်အတွက် ထွက်လာသော တရားဝင်ရလာဒ်များသည် တပ်မတော် အပါအဝင်အားလုံးက လိုက်နာရမည့် ရလာဒ်များဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောဆိုသည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အနည်းငယ်နှောက်နှေးနေသေးသော်လည်း ၆ လ တစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားသည့် ငြိမ်းချမ်းရေး ညီလာခံတွင် အရေးကြီးသည့် ဆုံးဖြတ်ချက်များပေါ်လာရန် မျှော်လင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။

သို့သော်လည်း ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံကို အပစ်ရပ်လက်မှတ် NCA မထိုးရသေးသည့် အဖွဲ့များတတ်၊ မတတ်မှာ မသေချာသေးပေ။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး အဆိုပါအဖွဲ့များကို ငြိမ်းချမ်းရေးကော်မရှင်မှသွားရောက်ညှိနှိုင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဒီအပတ်ထဲမှာဆွေးနွေးဖို့ရှိတယ် UNFC နဲ့” ဟုပြောဆိုသည်။

၂၁ ပင်လုံညီလာခံကို မေ ၂၄ ရက်တွင်ကျင်းပရန် ဧပြီ ၂၄ရက်က နေပြည်တော်တွင်ပြုလုပ်သည် JICM အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အစောပိုင်းက ဖေဖော်ဝါရီလကုန်ရက်တွင် ကျင်းပရန်မှန်းထားခဲ့ခြင်းဖြစ်သည်။

ယခင်၂၁ ပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ရက်မှ စတင်ကာ ၅ရက်ကြာကျင်းပခဲ့ပြီး ၂၀၁၇ ဖေဖော်ဝါရီလကုန်တွင် ၆ လပြည့်ခဲ့ပြီဖြစ်သည်။

အစိုးရသစ်လက်ထက် ပထမအကြိမ် ၂၁ ပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးတတ်ရောက်ခဲ့ပြီး သက်ဆိုင်ရာအစုအဖွဲ့များမှ စုစုပေါင်း စာတမ်း ရ၂ စောင်တင်သွင်းထားသည်။

၂၀၁၆ ပင်လုံညီလာခံကို ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအပါအဝင် နိုင်ငံတကာမှဖိတ်ကြားထားသူများ စုစုပေါင်း လူ ၁၀၀၀ ကျော် တတ်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly