UNFC တောင်းဆိုချက် ၉ချက်ထဲက ၁ချက်သာအစိုးရသဘောတူညီထားဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

UNFC တောင်းဆိုချက် ၉ချက်ထဲက ၁ချက်သာအစိုးရသဘောတူညီထားဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

ရန်ကုန်၊ ဧပြီ ၂၄ ။              ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရေးအတွက် ညီညွတ်​​သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ တောင်းဆိုထားသည့် အချက်​ ၉ချက်အနက် ၁ ချက်ကိုသာ အစိုးရက သဘောတူညီထားသည်ဟု ကချင်အဖွဲ့ KIA ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ဂွမ်မော် က ပြောဆိုလိုက်သည်။

“UNFC ၏တောင်းဆိုချက် ၉ချက် (အားလုံး) အပေါ်အစိုးရဘက်မှ (မူအရသဘောတူခဲ့ခြင်း) မဟုတ်ဘဲ တောင်းဆိုချက် အမှတ် ၈ (တစ်ချက်တည်း) ကိုသာသဘောတူညီချက်ရရှိခဲ့ကြပါသည်" ဟူ၍ ဗိုလ်ချုပ်ဂွမ်မော်က ဧပြီ ၂၃သူ၏ လူမှုကွန်ယက်ပေါ်တွင် လက်ရေးဖြင့်ရေးထားသောစာရွက်ကို ထုတ်ပြန် ကြေငြာထားသည်။

ကျန်ရှိသည့်အချက်များ (အချက် ၈ချက်) အပေါ် ဆက်လက်ဆွေးနွေးသွားကြရန်သဘောတူညီခဲ့ကြကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

သို့သော် UNFC ဘက်မှအဆိုပြုသည့်  အချက် ၉ ချက်ကိုဆွေးနွေးခဲ့ရာ မူအားဖြင့်သဘောတူ ညီနိုင်ခဲ့ကြောင်း အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ မတ် ၃ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် မတ်လ (၃) ရက်နေ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ရန်ကုန်မြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ၏ စတုတ္ထအကြိမ်အစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေးကော်မရှင်ဘက်က ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

KIA စစ်​ဦးစီးချုပ်​၏ ​ရေးသားချက်​အ​ပေါ် ပြန်​ကြား​ရေးဝန်​ကြီး ဦးရဲထွဋ်​ကမူ "အကဲဆတ်တဲ့ ဆွေးနွေးပွဲတွေမှာ သတင်းထုတ်ပြန်ချက် တွေ ရှင်းလင်း တိကျဖို့ အရေးကြီးပါတယ်။" ဟု ၎င်း၏ ​ဖေ့ဘုတ်​စာမျက်​နှာတွင်​ မှတ်​ချက်​ပြုထားသည်​။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးအောင်စိုးက “တရားဝင်ဆွေးနွေးတယ် တရားဝင်ထုတ်ပြန်ချက် ထုတ်တယ် ညှိနှိုင်းချက်တွေအားလုံးကို သ​ဘောတူညီမှုရပြီးပြီဆိုမှသတင်းထုတ်ပြန်ချက်ကို နှစ်ဖက်ညှိနှိုင်းပြီးထုတ်တာလေ။ ကျွန်တော်တို့က သူတို့နဲ့ညှိပြီး သတင်းထုတ်ပြန်ချက် ထုတ်တာပဲ အဲ့​တော့သူကိုဘာမှမဝေဖန်လိုပါဘူး" ဟု ဗိုလ်ချုပ်ဂွမ်မော်ပြောဆိုချက်နှင့် ပတ်​သက်ပြီး ၎င်း၏အမြင်ကိုပြောဆိုသည်။

ဗိုလ်ချုပ်ဂွမ်မော်က အချက် ၉ချက်လုံးအပေါ် မူအရသဘောတူညီမှုရရှိခဲ့မည်ဆိုပါက ဆက်လက်ငြင်းခုံဖွယ်ရာများ ရှိတော့မည်မဟုတ်ဟု ဧပြီ ၂၃ကပြောဆိုထားသည်။

အဆိုပါ အချက် ၉ချက်ကိစ္စအပြင် NCA လက်မှတ်ထိုးရေးနှင့် ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံကျင်းပရေးကိစ္စများကို UNFC မှဖွဲ့စည်းထားသည့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (DPN)တို့ ဧပြီ ၂၇၊ ၂၈ တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ​တွေ့ဆုံဆွေးနွေးရန်ရှိနေသည်။

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို လာမယ့် မေလ တတိယပတ်အတွင်းမှာ ကျင်းပနိုင်ဖို့အတွက် စီစဉ်နေတယ်ပြီး နေပြည်တော်တွင် ပြုလုပ်နေသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ၂၁ ပင်လုံပြုလုပ်မည့်ရက်ကို အတည်ပြုဆုံးဖြတ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags