ရန်ကုန်၊ ဧပြီ ၂၀ ။ ။ သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ ဝေယံဟိန်းသတ်ဖြတ်ခံရမှုနှင့်ပက်သက်ပြီး တရားခံကို အမြန်ဆုံးဖော်ထုတ်ပေးရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က မြန်မာအာဏာပိုင်များကို ဧပြီ ၁၉ တွင် ကြေညာချက်တစ်ခုထုတ်ကာ တိုက်တွန်းလိုက်သည်။
အသတ်ခံရသူ ကိုဝေယံဟိန်းဦးဆောင်သည့် သံမဏိနှင်းဆီဂျာနယ်သည် မကြာသေးမီက အာဏာရှင်ဟောင်းအချို့နှင့်ပတ်သက်ဆက်နွယ်နေသည့် စီးပွားရေးသမားများအကြောင်း ဖော်ပြခဲ့သည်ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။
ကိုဝေယံဟိန်းအသတ်ခံရမှုနဲ့ပတ်သက်ပြီး အာဏာပိုင်ဘက်မှ သတင်းထုတ်ပြန်ပေးမည်ပြောဆိုထားပြီး မြန်မာ့သတင်းမီဒီယာကောင်စီ MJN အနေဖြင့်လည်း အာဏာပိုင်များဘက်မှ ထုတ်ပြန်ချက်ကို စောင့်ကြည့်လျှက်ရှိသည်ဟု ဆိုသည်။
ဧပြီလ (၁၆)ရက် ပုဇွန်တောင် (၂)ရပ်ကွက်ရှိ သံမဏိနှင်းဆီ ဂျာနယ်တိုက်တွင် ထိုးသွင်းဒဏ်ရာ ၁၅ ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ပုဇွန်တောင်မြို့မရဲ စခန်းက ရာကြီးဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိပြီး ၄ ရက်ကျော်ထိတိုင် မည်သည့် ထုတ်ပြန်ချက်မှ ထုတ်ပြန်ပေးခြင်း မရှိသေးပေ။
ထို့အတူ RSF အနေဖြင့် လွန်ခဲ့သည့်နှစ်ကုန်ပိုင်းက ရိုက်နှက်အသတ်ခံခဲ့ရသည့် မုံရွာမြို့အခြေစိုက် Eleven သတင်းထောက်အမှုနှင့်ပက်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူပေးရန်လည်း တိုက်တွန်းထားသေးသည်။