YBS ယာဉ်လိုင်းအားလုံး၏ လေးပုံ သုံးပုံကို ၄လအတွင်း ကားသစ်များဖြင့် လဲလှယ်မည်

YBS ယာဉ်လိုင်းအားလုံး၏ လေးပုံ သုံးပုံကို ၄လအတွင်း ကားသစ်များဖြင့် လဲလှယ်မည်
(ဓာတ်ပုံ - မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ ၁၈။           ။ ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်သစ် (YBS) ယာဉ်လိုင်းအားလုံး၏ လေးပုံ သုံးပုံကို ၄ လ အတွင်းကားသစ်များဖြင့် လဲလှယ်နိုင်မည်ဟု ရန်ကုန်မြို့အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွတ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္စျိမသို့ပြောသည်။

“အားလုံးနီးပါးတော့ မဟုတ်သေးဘူး။ လေးပုံ သုံးပုံလောက်တော့ဖြစ်သွားပြီပေါ့။ မေလကုန်လောက်ဆိုရင်လေ"ဟု ၎င်းက ပြောဆိုသည်။

YBS စနစ်သစ်တွင် ဘတ်စ်ကားစီးရေ ၃,၅ဝဝ ကျော် ပြေးဆွဲနေပြီး ကားသစ် ၁၀၀၀ ခန့် ရှိနေခြင်းလည်းဖြစ်သည်။

ကားအသစ်မှာယူထားသည့် ယာဉ်လိုင်းများထဲတွင် ဗန္ဓုလကုမ္ပဏီမှတင်သွင်းသည့် ကားအစီးရေ ၁၀၀၀ ခန့်နှင့် မေတ္တာလှိုင်းယာဉ်လိုင်းမှ တင်သွင်း ရန်ရှိသည့် ကားအစီးရေတစ်ထောင်ခန့်မှာ မကြာမီ ရန်ကုန်မြို့သို့ရောက်လာရန်ရှိနေကြာင်း ရန်ကုန်မြို့အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွတ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူးဒေါက်တာမောင်အောင်ကပြောဆိုသည်။

သို့သော် ရန်ကုန်တိုင်းအစိုးရမှ လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲရန် မှာယူထားသည့် ကားအသစ်များ​ရောက်​မည်​့အချိန်​မှာ  “​မေကုန်လောက်ဆိုရင်တော့ ကားသစ်တော်တော်များများ ၃၀၀၀ လောက်တော့ရှိမှာပေါ့နော်” ဟုဒေါက်တာမောင်အောင်က ဖြည်​့စွက်ပြောသည်။

လွန်ခဲ့သည့် သုံးလခန်​့က စတင်ပြောင်းလဲလိုက်သည့် ဘတ်စ်ကားစနစ်သစ်သည် ဧပြီလ ၁၆ ရက်က ၃လပြည်ခဲ့ပြီဖြစ်သည်။

ဒုတိယ အဆင့်အနေဖြင့် ခြောက်လတွင်း အစိုးရမှ ကားသစ်အစီးရေ တစ်ထောင်ကျော် ထပ်မံမှာယူရန်ရှိနေသေးကြောင်း ရန်ကုန်မြို့အများပြည်သူသယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွတ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှသိရသည်။

“အစိုးရ ဝယ်တာက ၁၀၀၀ ကျော်ဆို ၃၀၀၀ ကျော်လောက်ဖြစ်လာမယ်။ တကယ်လိုတာက ၄၅၀၀ လောက်ပဲလိုတာ တဖြည်းဖြည်းနဲ့တော့ ကားသစ်နဲ့အစားထိုးသွားမှာပါ” ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

လက်ရှိပြေးဆွဲနေသော YBS ယာဉ်လိုင်းများအားလုံးကို အဆင့်မြှင့်တင်မှုအနေဖြင့် ပထမသုံးလအတွင်း ကားသစ်များဖြင့် အသစ်ဝယ်ယူပြေးဆွဲရမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုထားသည်။

လက်ရှိ YBS အဖြစ် ပြေးဆွဲနေသော ကားအများစုမှာ ယခင် မထသလက်ကျန် ကားဟောင်းများဖြစ်ပြီး ယခုကဲ့သို့ ကားသစ်များနှင့်လှဲလှယ်ရန် ဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်းဖြစ်သည်။

သို့သော်လက်ရှိတွင် ကားအစီးရေ တစ်ထောင်ကျော်ခန်​့ကသာ အဲကွန်းဖွင့်ပြီး CCTV တပ်ဆင်ထားသည့် ကားသစ်များအဖြစ်ရှိနေခြင်းလည်းဖြစ်သည်။

လက်ရှိ YBS စနစ်သစ်တွင် ဘတ်စ်ကားစီးရေ ၃,၅ဝဝ ကျော် ပြေးဆွဲနေပြီး စီးရေ ၄,၅ဝဝ အထိ ပြေးဆွဲနိုင်ရန် ရန်ကုန်တိုင်းအစိုးရက မျှော်မှန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags