ဧရာဝတီတိုင်းအတွင်းမြို့နယ်များတွင် လေပြင်းများတိုက်ကာ သစ်ပင်ပိ၍ လူအသေအပျောက်ရှိ

ဧရာဝတီတိုင်းအတွင်းမြို့နယ်များတွင် လေပြင်းများတိုက်ကာ သစ်ပင်ပိ၍ လူအသေအပျောက်ရှိ

ပုသိမ်၊ ဧပြီ ၁၆ (၂၀၁၇ခုနှစ်)။  ။ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ၊ ဟိုင်းကြီးကျွန်း နှင့် ဟင်္သာတအစရှိသည့် မြို့နယ်များတွင် မုန်တိုင်းအရှိန်ကြောင့် ဧပြီ ၁၆ရက်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့ပြီး သစ်ပင်ပိခြင်းကြောင့် လူသေဆုံးမှုများရှိခဲ့သည်ဟု တိုင်းလူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက မဇ္ဈိမကို ပြောသည်။

"သေဆုံးသူတွေကို ထောက်ပ့ံကြေးကို မနက်ဖြန်သွားပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ အိမ်ပြိုတာတွေနဲ့ ပတ်သက်ပြီး ထောက်ပ့ံကြေးကို ပေးအပ်ဖို့ရှိပါတယ်။ ပြင်စလူမြို့နယ်ခွဲမှာ ထောက်ပ့ံပစ္စည်းတွေ ပို့ထားပြီးပါပြီ။ သွားဖို့ခက်ခဲတော့မရောက်သေးတာပါ"ဟု လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ပြောသည်။

လပွတ္တာမြို့ အမှတ် (၇)ရပ်ကွက်တွင် ဧပြီ ၁၆ရက်က ဓါတ်လိုက်ပြီး သားအမိ နှစ်ယောက်သေဆုံးခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့နယ်၊ ဇီးချိုင့်ကျေးရွာအုပ်စု၊ ကြာဇံကျေးရွာတွင် အုန်းပင်ပိကာ လူတစ်ဦး သေဆုံးခဲ့သည်။ ယင်းအပြင် ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ပြီး သစ်ပင်ပိကာ လူတစ်ဦး သေဆုံးခဲ့ရကြောင်း ဝန်ကြီးကပြောသည်။

လပွတ္တာမြို့နယ်၊ ပြင်စလူမြို့နယ်ခွဲ၊ ပိန္နဲကွင်းကျေးရွာတွင်လည်း လေတိုက်ခြင်းကြောင့် နေအိမ် ၂၉လုံး ပြိုကျခဲ့ပြီး နေအိမ် (၁၆)လုံး အမိုးလန်ကာ ခရစ်ယာန်ဘုရားကျော် နှစ်ကျောင်း အမိုး နှင့် အုတ်နံရံပြိုကျခဲ့သည်။

ပျက်စီးခဲ့ရသည့် နေအိမ် (၄၅)လုံးပြိုကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ခဲ့ပြီး အိမ်ထောင်စု (၅၁)စု လူဦးရေ (၂၁၀) နစ်နာဆုံးရှုံးမှုများ ကြံုတွေ့ခဲ့ရသည်။ နစ်နာသူများအတွက် ထောက်ပံ့ကြေး နှစ်သိန်းစီ ပေးအပ်ပြီး ဘုရားကျောင်းပျက်စီးခြင်းအတွက် ငွေကျပ် နှစ်သိန်းစီ ပေးအပ်သွားမည်ဟုလည်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးကို ဧပြီ ၁၆ရက် ည ၈နာရီခွဲခန့်တွင် ဖြတ်ကျော်လျက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်း "မာရသာ"သည် (၁၂)နာရီအတွင်း အားလျော့သွားမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly