ဆိုင်ကလုန်းမုန်တိုင်း သံတွဲမြို့အနီး ဖြတ်ကျော်နေ၊ ၁၂နာရီအတွင်း အားလျော့သွားမည်

ဆိုင်ကလုန်းမုန်တိုင်း သံတွဲမြို့အနီး ဖြတ်ကျော်နေ၊ ၁၂နာရီအတွင်း အားလျော့သွားမည်

နေပြည်တော်(ဧပြီ ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်မုန်တိုင်း ‘မာရသာ’ သည် ရခိုင်ကမ်းရိုးတန်းဒေသ၊ သံတွဲမြို့ကို အနီးမှ ဖြတ်ကျော်ဝင်ရောက်လျက်ရှိပြီး နောက် (၁၂)နာရီအတွင်း အားလျော့သွားကာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိမည်ဟု ဧပြီ ၁၆ရက်၊ ည ရနာရီခွဲအချိန် တိုင်းထွာချက်အရ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိအတွင် အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းအား အညိုရောင်အဆင့်ဟု သတ်မှတ်ထားပြီး “သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် တဖြည်းဖြည်းအားလျော့သွားကာ ကုန်းတွင်းမုန်တိုင်ငယ်အဖြစ် ဆက်လက်တည်ရှိမည်” ဟု မိုး/ဇလ က ခန့်မှန်းထားသည်။

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ််ဖြစ်ပေါ်နေစဉ် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုင်ခတ်နိုင်သည်ဟု မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

သံတွဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကြည်အား ယနေ့ (ဧပြီ ၁၆ရက်) ည ၈နာရီ၊ ၂၀မိနစ်တွင် မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် “မုန်တိုင်းက ၄၀/၅၀ဆိုတာ ရခိုင်မှာ ဖြစ်ရိုး၊ ဖြစ်စဉ်ပဲ ရှိတယ်ဗျ။ အခု လေမုန်တိုင်းက ဝုန်းဆို ဝေ့လာပြီးတော့မှ တစ်ချက်၊ တစ်ချက် ရမ်းလိုက်တဲ့အချိန်မှာ အုန်းပင်တွေရမ်းပြီး မရမ်းသီးတို့၊ သရက်သီးတို့တော့ အားလုံးကြွေကုန်တာပေါ့ဗျာ။ လေကတော့ နည်းနည်းတော့ ပြင်းတာပေါ့။ အမိုးလန်တာတို့၊ သစ်ပင်တွေကျိုးတာတို့တော့ သံတွဲမှာ မခံစားရသေးဘူး” ဟု ပြောသည်။

လက်ရှိတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလည်း သံတွဲမြို့သို့ ရောက်ရှိနေပြီး မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ကျေးရွာတချို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားသလို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန်လည်း အဆင်သင့် ပြင်ဆင်ထားသည်ဟု ၎င်းက ဆိုသည်။

“ညနေ ၆နာရီခွဲလောက်ကတည်းက စတိုက်တာ။ ဘယ်နှစ်မိုင်နှုန်းနဲ့ တိုက်လေသလဲတော့ မသိဘူး။ အပြင်မှာတော့ တော်တော်တိုက်နေတယ်။ အိမ်ထဲမှာတော့ ဘာမှ ထူးထူးခြားခြား မဖြစ်သေးဘူး” ဟု ည ၈နာရီခွဲအချိန်တွင် သံတွဲ ဒေသခံတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly