မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမည်

မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမည်

နေပြည်တော်(ဧပြီလ ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဆိုင်ကလုန်းမုန်တိုင်း ‘မာရသာ’ ၏ အန္တရာယ် ကျရောက်နိုင်သော ဒေသများရှိ ဒေသခံများအား ယနေ့ညနေ ၆နာရီမတိုင်ခင် ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)၏ ဧပြီ ၁၆ရက်၊ မွန်းလွဲ ၁နာရီ ၃၀မိနစ်အချိန် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha) သည် ယနေ့မွန်းတည့်မှ နောက်(၁၂)နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

“အဓိကကတော့ ရခိုင်ဘက်ပဲ။ ညနေ ၆ နာရီမှာ ရွှေ့လို့ရအောင်ဆိုပြီး Alert လုပ်နေတယ်။ နိုးဆော်နေမယ်။ ရွှေ့ပြီးတော့ နေလိုက်တာ မမှားဘူး။ တကယ်တန်းဖြစ်နိုင်တဲ့နေရာတွေက လူတွေက ရွှေ့လိုက်တာအကောင်းဆုံးပဲ။ ဒါကို တိုက်တွန်းနိုးဆော်မယ်။ ပူးပေါင်းဆောင်ရွက်မယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း “မာရသာ” (Maarutha) ဖြစ်ပေါ်မှုအခြေအနေနှင့် ပတ်သက်၍ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ်အစည်းအ‌ဝေးအား နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“တကယ်မုန်တိုင်းသက်ရောက်မယ်လို့ တိုက်ရိုက်ပြောထားတဲ့နေရာတွေ ရွှေ့မယ်။ ရွှေ့မယ်ဆိုတာ အတတ်နိုင်ဆုံး ရွှေ့မယ်။ အချိန်ကိုက်ရွှေ့မယ်။ ရွှေ့မယ်ဆိုတာ အခုနက တင်ပြချက်တွေကို စိစစ်လိုက်တဲ့ အခါကျတော့ ဒီညနေ ၆ နာရီမှာ ရွှေ့ကိုရွှေ့ရမယ်” ဟု အစည်းအဝေးအပြီးတွင် ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းအား အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားပြီး သံတွဲမြို့အနီးမှ ဖြတ်ကျော်စဉ် အမြင့် ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်
နိုင်သည်ဟု မိုး/ဇလ က ခန့်မှန်းထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် (၁၆.၄.၂၀၁၇) ရက်နေ့မှ (၁၇.၄.၂၀၁၇) ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက် ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ် မှနေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည် နယ်တို့တွင် နေရာ ကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း ဒေသ ကြီးအာက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင်နေရာကွက်၍ မိုးကြီး နိုင်ပါသည်ဟုလည်း မိုး/ဇလ က သတိပေးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly