ရသင့်ရထိုက်သည့် အခွင့်အရေးများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆွေးနွေးအဖြေရှာဖို့ KNU ဆုံးဖြတ်

ရသင့်ရထိုက်သည့် အခွင့်အရေးများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆွေးနွေးအဖြေရှာဖို့ KNU ဆုံးဖြတ်
ဓာတ်ပုံ-KIC

ရန်ကုန်၊ ဧပြီ ၁၀ ။           ။ ကရင်အမျိုးသားများ၏ ရသင့်ရထိုက်သည့် အမျိုးသားအခွင့်အရေးများနှင့် နိုင်ငံရေးအခွင့်အရေးများကို နိုင်ငံရေး နည်းလမ်းဖြင့်သာ ဆွေးနွေးအဖြေရှာမည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ၏ (၁၆) ကြိမ်မြောက် ကွန်ကရက်အပြီးတွင် KNU မှ ထုတ်ပြန်ကြေညာခဲ့သည်။

"NCA အခြေခံသည့် အပစ်အခတ်ရပ်စဲရေးအား ပိုမိုခိုင်မာစေပြီး ရောက်ရှိနေသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင် သွားကြရန် လိုအပ်သည်" ဟု KNU မှ ထုတ်ပြန်ထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည့် ကာလအတွင်း တိုင်းရင်းသားဒေသအချို့တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေခြင်းကို စိုးရိမ်လျက်ရှိပြီး လက်တွေ့ကျသည့် ချဉ်းကပ်မှုဖြင့် ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန်လည်း KNU က တိုက်တွန်းထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ၁၆ ကြိမ်မြောက်ကွန်ကရက်ကို KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ဘားအံခရိုင်၊ လေးဝါးတွင် ၂၀၁၇ မတ်လ(၁၄)ရက်မှ ဧပြီလ (၉)ရက်အထိ ကျင်းပခဲ့ပြီး ယင်းညီလာခံသို့ ကိုယ်စားလှယ်(၂၁၇) ဦး၊ ပြည်တွင်းပြည်ပ လေ့လာသူ(၁၀၃) ဦး တက်ရောက်ခဲ့သည်။

ယင်း(၁၆)ကြိမ်မြောက်ကွန်ကရက်မှ ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေ၊ ကရင်အမျိုးသားတော်လှန်ရေး၏ အခြေခံလမ်းစဉ်နှင့် လုပ်ငန်းစဉ်းများကို   ပြန်လည်သုံးသပ်   ပြင်ဆင်ဖြည့်စွက်အတည်ပြုပြီး ရှေ့လုပ်ငန်းစဉ် နှင့် သဘောထား(၂၀) ကို အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly