တရားခံပြေး အောင်ဝင်းခိုင်အား နိုင်ငံတကာရဲတပ်ဖွဲ့မှ အနီရောင်ကြေညာချက်ထုတ်

တရားခံပြေး အောင်ဝင်းခိုင်အား နိုင်ငံတကာရဲတပ်ဖွဲ့မှ အနီရောင်ကြေညာချက်ထုတ်

ရန်ကုန်၊ ဧပြီ ၉ ။             ။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ကားပါကင်တွင် သေနတ်ဖြင့် ပစ်ခတ်မှု၌ ပူးပေါင်းပါဝင်ခဲ့သူ တရားခံပြေး   အောင်ဝင်းခိုင်အား နိုင်ငံတကာရဲတပ်ဖွဲဲ့ INTERPOL က အ​ရေး​ပေါ်​ကြေငြာချက်​ (အနီရောင်ကြေညာချက်) ထုတ်ထားကြောင်း ဧပြီ ၈ ရက်စွဲဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မှထုတ်ပြန်သည်။

အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး (INTERPOL) နှင့် ချိတ် ဆက်ဆောင်ရွက်ခဲ့ရာ ဧပြီ ရ ရက်တွင် INTER POL မှ ၎င်းအား Red Notice တရားဝင် ထုတ်ပြန်ထားရှိကြောင်း ဧပြီ ၈ ရက် စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကြေငြာချက်အရ နိုင်ငံတကာရဲတပ်ဖွဲ့ မည်သည့် နိုင်ငံကမဆို တရားခံပြေး အောင်ဝင်းခိုင်အားဖမ်းဆီးခွင့်ရရှိသွားမည်ဖြစ်ပြီး အောင်ဝင်းခိုင်သည် နိုင်ငံတကာမှ အလိုရှိသူတစ်ဦးဖြစ်လာမည့် သဘောရှိသည်။

အဆိုပါ ကြေငြာချက်ထုတ်ပြန်သည့်ကိစ္စနှင့် ပက်သက်ပြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူများကို မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က Red Noticeနှင့် ပတ်သက်ပြီး “နိုင်ငံတော် ရဲချုပ်ရုံးကနေပြီးတော့ ဒီလူကို နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း ကူညီပြီးတော့ဖမ်းဆီးပေးပါလို့ အကြောင်းပြချက် ရှိတယ်လို့ ထင်တယ်လေ။ အလွန်အရေးကြီးတဲ့အမှုမျိုးမှ နိုင်ငံတော်ကလုပ်တာပါ။ ဒါအကြောင်းကြားချက်ကိုတုံ့ပြန်တာ။ နိုင်ငံတကာ ရဲတပ်ဖွဲ့ ဘယ်နိုင်ငံကမဆို သူ့ကိုဖမ်းလို့ ဆီးလို့ရမယ်လေ အဲ့ဒီ့သဘောပါ" ဟုရှင်းပြသည်။

စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ တရားခံပြေး အောင်ဝင်းခိုင် (၄၅) နှစ် (ဘ) ဦးအောင်သန်းသည် အမှုမှ ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေးတရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံမှု၏ နောက်ဆက်တွဲများ ဖော်ထုတ်နိုင်ရန် ဒုဗိုလ်မှူးကြီး ဟောင်း အောင်ဝင်းခိုင်အား အမြန်ဆုံးဖမ်းဆီးနိုင်ရန် အရေးကြီးသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး ကျော်ဆွေ ကပြောကြားထားသည်။

အဆိုပါအမှုတွင် တိမ်းရှောင်နေသော အောင်ဝင်းခိုင်မှာ သေနတ်သမားကြည်လင်းအား ငွေပေးလုပ်ကြံရန်စေခိုင်းခဲ့သူ အောင်ဝင်းဇော်၏ ညီတော်စပ်သူဖြစ်ပြီး ၎င်းမှာ ၂ဝ၁၅ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သူဖြစ်သည်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် သေနတ်သမားကြည်လင်းအား အဓိက ငွေပေးစေခိုင်းသူများမှာ ဇေယျာဖြိုးနှင့်အောင်ဝင်းခိုင်တို့ဖြစ်ပြီး ဇေယျာဖြိုးအား ဖေဖော်ဝါရီလ ၃ ရက်က ဖမ်းဆီးရမိခဲ့ကာ လက်ရှိတွင် အောင်ဝင်းခိုင် လွတ်မြောက်နေခြင်းဖြစ်သည်။

လက်ရှိတွင် အောင်ဝင်းခိုင်အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် အောင်ဝင်းခိုင်၏ ဓာတ်ပုံနှင့် အချက်အလက်များကို တိုင်းနှင့်ပြည်နယ် အားလုံးသို့ ဖြန့်ဝေစုံစမ်းနေသည့်အပြင် နိုင်ငံတကာရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့များသို့လည်း ပေးပို့ကာ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပဆိုက်ရောက် ဂိတ်(၆)ရှေ့၌ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ကြည်လင်းမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် မင်္ဂလာဒုံ မြို့မ ရဲစခန်း(ပ)၁၅၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly