ဗိုလ်ချုပ်အောင်ဆန်းတံတားဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မဟုတ်

ဗိုလ်ချုပ်အောင်ဆန်းတံတားဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မဟုတ်
ဓာတ်ပုံ - ဟောင်ဆာ( ရာမည)

ရန်ကုန် ၊ ဧပြီ ၈ ။                   ။ ဗိုလ်ချုပ်အောင်ဆန်းအမည်ဖြင့် ဖွင့်လှစ်မည့် တံတားဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ဟု အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္စျိမကို အတည်ပြုပြောဆိုခဲ့သည်။

နုတ်ထွက်ထားသော မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးလက်ထက်က ဧပြီလ ၉ ရက်နေ့တွင် ဖွင့်လှစ်မည်ဟု စီစဉ်ထားခဲ့ပြီး  လက်ရှိတွင် ဖွင့်ပွဲရက် အတိအကျ မသိရသေးပေ။

ဖခင်နာမည် ဂုဏ်ပြုခေါ်ဆိုထားသော အဆိုပါတံတားဖွင့်ပွဲအား သမီးဖြစ်သူ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၊ မတက်ရောက်ကို အတည်ပြုရန် မဇ္စျိမက ဧပြီလ ၈ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာ "အတိုင်ပင်ခံပုဂ္ဂိုလ် မတက်ပါဘူး" ဟု ဦးဇော်ဌေးက ပြန်လည်ဖြေဆိုခဲ့သည်။

တံတားမှာ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့သို့ ဆက်သွယ်ထားသော သံလွင်မြစ်ကူးတံတားဖြစ်ပြီး သံလွင်တံတား(ချောင်းဆုံ) အမည်မှ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်သို့   ပြောင်းလဲခြင်းအပေါ် ဒေသခံများက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။ ထို့ကြောင့် အဆိုပါတံတားဖွင့်ပွဲအား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်၊ မတက်ရောက်မည်အား လူထုက စိတ်ဝင်စားလျက်ရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဖွင့်ပွဲရက်အား အတည်ပြုရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို မဇ္စျိမမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အင်တာဗျူးဖြေဆိုပေးရန် ငြင်းဆိုခဲ့သည်။

ထို့ပြင် သံလွင်တံတား (ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးရန် အဆိုတင်သွင်းသူ ဖြစ်သည့် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းအား ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တံတားဖွင့်လှစ်မည့်နေ့ကို သူအနေဖြင့် မသိရှိသေးကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

သံလွင်တံတား(ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပြောင်းလဲခြင်းကို ကန့်ကွက်ကြောင်း ချောင်းဆုံ ဒေသခံ ၃၀၀ ခန့်က မတ်လ ၂ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ပြီး မတ် လ ၁၉ ရက်နေ့တွင်လည်း မော်လမြိုင်မြို့ပေါ်၌ လူအင်အားသောင်းချီ ထပ်မံဆန္ဒဖော်ထုတ်ခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၅ ရက်ကလည်း ပြည်ခိုင်ဖြိုး(USDP) အပါအဝင် နိုင်ငံရေးပါတီ ၁၅ ခုတို့မှ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ပေးခြင်းကိစ္စွနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် မုန်းတီးရေး၊ လူမျိုးရေးနှင့် ပဋိပက္ခများအတွက် တာဝန်ယူရမည်ဟု ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly