ရန်ကုန်တိုင်းအတွင်းရှိ တရားမဝင် တရုတ်ဆေးခန်းများကို အရေးယူမည်

ရန်ကုန်တိုင်းအတွင်းရှိ တရားမဝင် တရုတ်ဆေးခန်းများကို အရေးယူမည်

ရန်ကုန် ၊ ဧပြီ ၆ ။           ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်လျက်ရှိနေသည့် တရားမဝင် နိုင်ငံခြားသားပိုင် ဆေးခန်းများကို စိစစ်ပြီး အရေးယူသွားမည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ကတိပေးပြောဆိုလိုက်သည်။

"ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ဆောင်နေသော ပုဂ္ဂလိကဆေးရုံဆေးခန်းများအား မြို့နယ်၊ ခရိုင် ၊ တိုင်းဒေသကြီး အဆင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ အဆင့်ဆင့်စစ်ဆေး၍ အရေးယူ ဆောင်ရွက်သွားပါမယ်" ဟု ဦးနိုင်ငံလင်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယနေ့ ဧပြီလ ၆ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ရ ရက်မြောက်နေ့၌ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက "နိုင်ငံခြားသား တရုတ်ဆေးခန်းများအား တရားဝင်ဖွင့်ခွင့်ပေးထားပါသလား၊ မည်သို့အရေးယူဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း" မေးမြန်းမှုကို လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းလိုင်စင် လျှောက်ထားသူများသည် နိုင်ငံသားမှတ်ပုံတင်ရှိသော မြန်မာနိုင်ငံသားများသာ လျှောက်ထားခွင့်ရှိတာဖြစ်ပါတယ်။ နိုင်ငံခြားသားပိုင်ဆေးခန်းများ လုပ်ငန်းလိုင်စင်လျှောက်ထားခွင့်မရပါ၊ လုပ်ကိုင်ခွင့်လည်း ပေးထားခြင်းမရှိပါဘူး" ဟု ဦးနိုင်ငံလင်းက တိုင်းဒေသကြီး လွှတ်တော်၌ ပြောသည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားသည့် အဆိုပါဆေးခန်းများကို အစိုးရအနေဖြင့် အရေးယူ ဆောင်ရွက်နေပေမယ့် လုံလောက်မှုမရှိကြောင်း၊ ၄င်းဆေးခန်းများသည် နာမည်ပြောင်းများဖြင့် ဖွင့်လှစ်လုပ်ကိုင်နေသဖြင့် ပြည်သူလူထု၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ပူးပေါင်း ဆောင်ရွက်ပြီး လုပ်ဆောင်မှသာ အဆင်ပြေမည်ဟု  ဦးနိုင်ငံလင်းက ဆက်လက်ပြောဆိုခဲ့သည်။

အဆိုပါဆေးခန်းများကိစ္စနှင့် ပတ်သက်ပြီး အရေးယူပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းကို ပြီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တတိယ ပုံမှန် အစည်းအဝေး ၈ ရက်မြောက်နေ့တွင်လည်း ပန်းဘဲတန်း မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက မေးခွန်း မေးမြန်းခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly