ကုလသမဂ္ဂ ဆုံးဖြတ်ချက် မြန်မာနိုင်ငံနှင့် ကိုက်ညီခြင်း မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကုလသမဂ္ဂ ဆုံးဖြတ်ချက် မြန်မာနိုင်ငံနှင့် ကိုက်ညီခြင်း မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဓာတ်ပုံ - မင်းမင်း / မဇ္ဈိမ

ရန်ကုန်၊ ဧပြီ ၆ ။                  ။ ရခိုင်ပြည်နယ်တွင် လူအခွင့်အရေးချိုးဖောက်ခံရမှုများ ရှိမရှိ စုံစမ်းရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံနှင့် ကိုက်ညီခြင်းမရှိ၍ လက်မခံခဲ့ခြင်းဖြစ်သည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ပြောကြားလိုက်သည်။

 “ ကိုဖီအာနန်ဦးဆောင်နေတဲ့ကော်မရှင်လည်းရှိတယ်။ ဒါ ကျွန်မတို့ကဖိတ်ခေါ်ထားတာ ယုံကြည်လို့ ၊ ကိုဖီအာနန်ဆိုတာ နိုင်ငံတကာ အဆင့်နဲ့ကိုက်ညီအောင်လို့  ဒီလိုကော်မရှင်မျိုးကိုဦးဆောင်ပြီးလုပ်နိုင်မယ် ယုံကြည်လို့ ဖိတ်ခေါ်ထားတာ။ ကိုဖီအာနန်နဲ့လုပ်ငန်းကလည်း မပြီးသေးဘူး။ နောက်ပြီးတော့လည်း ဒုသမ္မတ ၁ ဦးမြင့်ဆွေရဲ့လုပ်ငန်းကလည်းမပြီးသေးဘူး။ လူ့အခွင့်အရေးကောင်စီကနေပြီးထုတ်ပြန်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်မတို့ နိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ မကိုက်ညီဘူးလို့ ထင်လို့လက်မခံတာပါ “ ဟု ၄င်းကပြောဆိုသည်။

ရခိုင်ပြည်နယ်က ပြဿနာများအပေါ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီနှင့် ပြုလုပ်သော အထူးအင်တာဗျူးတွင် ပြောခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလအတွင်း ရဲစခန်းများတိုက်ခိုက်ခံရအပြီး ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ရန် မတ်လ ၂၄ ရက်က ဂျနီဗာတွင်ပြုလုပ်သော ၃၄ ကြိမ်မြောက်အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရမှ လူ့အခွင့်အရေးချိုးဖောက်ခံရသည်ဆိုသည့် စွပ်စွဲချက်များမှာ ခိုင်လုံမှုရှိပါက သက်သေများကို နိုင်ငံတကာ၏ ကာကွယ်စောင့်ရှောက်မှုဖြင့် မြန်မာနိုင်ငံသို့ လာရောက်စေပြီး ဥပဒေနှင့်အညီ အမှုဖွင့် တရားစွဲဆိုနိုင်ရေးကို ဆောင်ရွက်ပေးသွားမည်ဟု အစိုးရဘက်က ကတိပေးထားသည်။

လက်ရှိအချိန်သည် ထိလွယ်ရှလွယ် ဖြေရှင်းရန်စိန်ခေါ်မှုကြီးမားနေဆဲဖြစ်ပြီး အဆိုပါ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ဆုံးဖြတ်ချက်သည် ပြဿနာဖြေရှင်းရေးအတွက် အထောက်အကူပြုမည် မဟုတ်သည့်အပြင် ပြဿနာကို ပိုမိုကြီးထွားစေမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

အစိုးရဘက်က လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကို ကြိုးပမ်းလုပ်ကိုင်သွားမည်ဖြစ်ပြီး မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က တင်ပြထားသည့် အကြံပြုချက်(၃၀) ကို အကောင်အထည်ဖော်သွားမည်ဟု ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly