မြန်မာ့အားကစား တိုးတက်လာရန် စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်မည်

မြန်မာ့အားကစား တိုးတက်လာရန် စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်မည်
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဧပြီ ၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်သူများလည်း အားကစားကို စိတ်ဝင်စားပြီး ကိုယ်တိုင် လုပ်ဆောင်လာစေရန် (၄)နှစ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

“အားကစားကောင်းမှ ကျန်းမာမယ်။ ကျန်းမာရင် လူတွေ ဆေးရုံမလာဘူး။ လူ ၁၀၀မှာ ၅၀ပဲလာရင် ရှိတဲ့ဆရာဝန်တွေကို အရည်အသွေး ပိုမြှင့်လို့ရမယ်။ ၅၀ပဲ လာတဲ့အတွက် ဆေးနည်းနည်းပဲကုန်မယ်။ လူတွေ ကျန်းမာဖို့ အားကစားက အရေးကြီးပါတယ်” ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။

နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးတွင် ဧပြီ ၅ရက်က ကျင်းပပြုလုပ်သော မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီး ဒေါက်တာမြင့်ထွေးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပြည်သူများသည် အားကစားစိတ်ဓာတ်ရှိပြီး အားကစားလုပ်ရမယ်။ ဒါမှသည် တတိုင်းပြည်လုံးအနေနဲ့ ကျန်းမာမယ်။ အခုကျန်းမာမယ်၊ ရေရှည် အသက်ကြီးရင် ကျန်းမာမယ်။ အဲ့ဒီအပိုင်းကိုလည်း လေးနှစ်စီမံကိန်းမှာ ဆွဲပါမယ်” ဟု ဒေါက်တာမြင့်ထွေးက ဆိုသည်။

အခြေခံပညာကျောင်းများတွင် ကျောင်းအားကစားပွဲတော်များ ကျင်းပသွားရန် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းသွားမည်ဟုလည်း ၎င်းက ပြောသည်။

“ကျောင်းသားအားကစားပွဲတွေကိုလည်း လုပ်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းသွားမယ်။ နှစ်နှစ်တစ်ခါ လုပ်မလား၊ သုံးနှစ်တစ်ခါ လုပ်မလားပေါ့။ အဲ့ဒါတွေကို လေးနှစ်စီမံကိန်းထဲမှာ ထည့်သွားမယ်” ဟု ဝန်ကြီးက ဆိုသည်။

အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းပြီးဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီး ဒေါက်တာမြင့်ထွေးကို ညွှန်ကြားထားသည်။

“ပြည်သူသည် အားကစားလုပ်လို့ရှိရင် သူတို့ရဲ့စိတ်ဓာတ်ကိုက မတူတော့ဘူး။ ကူညီချင်တဲ့စိတ်ဓာတ် အဲ့ဒါတွေ ဖြစ်လာမယ်။ ရန်ဖြစ်ချင်တဲ့စိတ်ဓာတ်မရှိဘူးဗျာ။ နောက်ဆုံးပြောမယ်ဆိုရင် မူးယစ်ဆေးဝါးအစ အရက်သေစာကို မသောက်တော့ဘူး။ ကျန်းမာဖို့ပဲ ဂရုစိုက်တယ်။ အဲ့ဒါက ပြည်သူပါမှဖြစ်မယ်။ ပြည်သူပါအောင်လည်း သေချာလုပ်မယ်” ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly