YBS စနစ် ဖော်ဆောင်မှုကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြဖို့ တိုင်းလွှတ်တော်မှာ အဆိုတင်

YBS စနစ် ဖော်ဆောင်မှုကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြဖို့ တိုင်းလွှတ်တော်မှာ အဆိုတင်

ရန်ကုန် ၊ ဧပြီ ၅ ။                 ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးလုပ်ကိုင်သည့် YBS ဘတ်စ်ကားစနစ်ကို အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပြည်သူလူထုကို ချပြရန် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ တင်သွင်းခဲ့သည်။

ဧပြီ လ ၅ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၆ ရက်မြောက်နေ့၌ အင်းစိန်မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။

"ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးက မှန်းထားတာထက်တော့ မကောင်းလာဘူးလေ။ အဲ့တော့ ပြည်သူဘက်က ရပ်တည်ရမှာပဲ၊ ပြည်သူတွေရဲ့အသံနားထောင်ပြီး ဒီအဆိုကို တင်တာပါ" ဟု ဦးဝေဖြိုးဟန်ကဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအတွင်း၌ YBS စနစ် စတင်ပြောင်းလဲခဲ့သည်မှာ သုံးလ ပြည့်ခါနီးအချိန်တွင် ရောက်ရှိနေပြီး ဖြစ်ပေမယ့် သိသာထင်ရှားသည့် ရလာဒ်မျိုး ထွက်ပေါ်လာခြင်း မရှိသေးပေ။ အဆိုပါစနစ်ကို ပြောင်းလဲရာတွင် အစိုးရအနေဖြင့် လုံလောက်သည့် အချိန်ကာလ အသုံးပြုခဲ့ခြင်းမရှိကြောင်း ဦးဝေဖြိုးဟန်က ဝေဖန်ပြောဆိုခဲ့သည်။

"အခုက ပြိုင်မောင်းနေကြတုန်း၊ ခရီးသည်တွေကို ဆက်ဆံတာကလည်း YBS လို့သာ ပြောတာ မထသအတိုင်းပဲ။ YBS မိတ်ကပ်လေး ခဏလိမ်းထားတာပါ၊ တစ်လ နှစ်လ ကြာတော့ မိတ်ကပ်တွေကွာကျပြီးတော့ မထသ ရုပ်ပြန်ပေါက်လာတာပဲ" ဟု လက်ရှိ YBS စနစ်ကို ဦးဝေဖြိုးဟန်က လွှတ်တော်အပြီး မီဒီယာများ၏ မေးမြန်းမှုကိုပြန်လည်ဖြေဆိုခဲ့သည်။

ယင်းသို့အဆိုတင်သွင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး လက်ခံကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး   ဒေါ်နီလာကျော်က  လွှတ်တော်၌ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly