တရားမဝင်ငါးကန်တူးဖော်ခြင်းအား တားမြစ်ရေး ခရိုင်အဆင့်တွင် ကြန့်ကြာနေ

တရားမဝင်ငါးကန်တူးဖော်ခြင်းအား တားမြစ်ရေး ခရိုင်အဆင့်တွင် ကြန့်ကြာနေ

ပုသိမ်၊ ဧပြီ ၂ ။              ။ ဧရာဝတီတိုင်းဒေသကြီး၊ တရားမဝင်ငါးကန်များတူးဖော်နေခြင်း တားမြစ်ပေးပါရန် စိုက်ပျိုးရေးမွေးမြူးရေး၊သယံဇာတနှင့်ပတ်ဝန်းထိန်းသိမ်းရေးဝန်ကြီးက စာထုတ်ခဲ့သော်လည်း ခရိုင်အဆင့်တွင် ကြန့်ကြာနေကြောင်း ညောင်တုန်းမြို့နယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးကျော်ဆန်းက မဇ္ဈိမသို့ ပြောသည်။

 "ဝန်ကြီးစာထုတ်ပြီး တားမြစ်ဖို့ ခရိုင်ကို စာပို့တယ် ။ အခုအချိန်အထိ ပန်းတနော်မှာရော၊ ညောင်တုန်းမြို့နယ်မှာရော၊  ငါးကန်တွေကို စက်ကြီးတွေနဲ့ တူးဖော်နေတုန်းပဲ၊ အခု အဆင့်ဆင့်လုပ်ဆောင်မှုတွေမှာ  ကြန့်ကြာမှုတွေဟာ ဘက်လိုက်ပြီးမလုပ်တာလား ။ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းတွေကြောင့် ကြန့်ကြာတာလားဆိုတာ စဉ်းစားစရာဖြစ်နေသလိုပဲ”ဟု   ညောင်တုန်းမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးကျော်ဆန်းက လုပ်ငန်းကြန့်ကြာနေမှုအား မဇ္ဈိမသို့ ပြောသည်။

 “အောက်ခြေမှာ ပူးပေါင်းဆောင်ရွက်မယ်မှုတွေမှာ ကြန့်ကြာမှုတွေဖြစ်နေတုန်းပဲ ။ ကျွန်တော် တိုင်းအတွင်းရေးမှူးတွေ့ဆုံဆွေးနွေးခဲ့တော့ ခရိုင်ကို ညွန်ကြားမယ်ပြောတယ်၊ လုပ်ငန်းရှင်တွေက သွားလုပ်ရင် နေ့ချင်းပြီးဆောင်ရွက်ပေးတယ်” ကိုယ်စားလှယ်က ပြောသည်။

 စိုက်ပျိုးရေးမွေးမြူးရေး သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက မတ်လ ၂၄ ရက်နေ့တွင် တားမြစ်စာတွင်"ပန်းတနော်၊ညောင်တုန်းနှင့်ဓနုဖြူမြို့နယ် (၃)ပွင့်ဆိုင်ကွင်းအတွင်း   မြေလွတ်မြေရိုင်းတွင်   အေးရှားမိုက်ကုမ္ပဏီ ဒါရိုက်တာပြည်ဖြိုးအောင်လှိုင်သည် အမည်ပေါက်ရယူထားသော်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းဖော်ဆောင်ခြင်းမရှိဘဲ စည်းကမ်းပျက်မြေပေါ်တွင် စက်ယန္တရားကြီးများဖြင့် အင်းချောင်မြေများကို ဖျက်ဆီး တူးဖော်လုပ်ကိုင်နေပါသဖြင့် အရေးယူဆောင်ရွက်ပေးပါရန် ဦးစိုးလှိုင်မင်း ပါ ၃ဦး တိုင်ကြားချက်နှင့် ပတ်သက်၍ တိုင်းကြားစာပါ တရားမဝင်ငါးကန်းတူးဖော်ခြင်းကြောင့် ဒေသခံပြည်သူများနှင့် ပြဿနာဖြစ်ပေါ်ပြီး တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးတို့ကို ထိခိုက်နိုင်သော အခြေအနေ ဖြစ်ပေါ်နေပါ၍ ငါးကန်တူးဖော်ခြင်းကို ချက်ခြင်းတားဆီးရန်နှင့် ကွင်းဆင်းစိစစ်ပြီး မတ်လ၂၅ရက်နေ့ အရောက်ပြန်လည်တင်ပြရန် ”စာတွင် ဖော်ပြထားသည်။

 ဝါးခယ်မမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဌေးအောင်က မြို့နယ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူး အချို့နှင့်သက်ဆိုင်ရာဝန်ထမ်းများ အချို့၏ မမှန်မကန်လုပ်ရပ်များကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထိန်းကျောင်းပေးရန် တိုက်တွန်းကြောင်း အဆိုအား ပ ဉ္စမပုံမှန်အစည်းအဝေး ပထမနေ့ တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၅ ရက်နေ့တွင် အဆိုအား တိုင်းဒေသကြီး ကိုယ်စားလှယ် ရ ဦး က ဆွေးနွေးခဲ့ပြီး၊တိုင်းဒေသကြီးလွှတ်တော်က တိုက်တွန်းကြောင်း ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly