ပြည်သူလူထုကို ကတိပေးထားသည်များ မဆောင်ရွက်နိုင်သေးဟု သူရဦးတင်ဦးပြော

ပြည်သူလူထုကို ကတိပေးထားသည်များ မဆောင်ရွက်နိုင်သေးဟု သူရဦးတင်ဦးပြော

ရန်ကုန် ၊ မတ် ၃၁ ။             ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေဖြင့် ပြည်သူလူထုကို ကတိပေးထားသည်များထဲမှ မဆောင်ရွက်နိုင်သေးသည့် ကိစ္စရပ်များ ရှိနေသေးသည်ဟု NLD နာယက သူရဦးတင်ဦးက ၀န်ခံပြောဆိုလိုက်သည်။

"တစ်နှစ်သားက တစ်နှစ်သားလောက်ပဲ လုပ်နိုင်မှာပဲ။ လုပ်တဲ့အချိန်မှာ အောင်မြင်တွေတွေ အသေးစိတ် တိုးတက် ကောင်းမွန်တာတွေရှိသလို ပြောခဲ့ဆိုခဲ့တဲ့ ကတိကဝတ်တွေနဲ့ ပတ်သက်လို့ ဆောင်ရွက်ရမယ့် ကိစ္စတွေထဲမှာ လက်ရှိ မဆောင်ရွက်နိုင်သေးတာလေးတွေ အကြံပြုနေတာလေးတွေ ရှိနေသေးတော့ ပြည်သူလူထု အားမလိုအားမရ ဖြစ်တာတွေ ဖြစ်ထိုက်ပါတယ်" ဟု သူရဦးတင်ဦးက ပြောဆိုခဲ့သည်။

အစိုးရပိုင်ရုပ်သံဖြစ်သည့် MRTV သတင်းဌာနမှတစ်ဆင့် အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ပြည်သူလူထုထံသို့ ပြောကြားသည့် သုံးသပ်ချက်တွင် ၄င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တာဝန်ယူချိန် တစ်နှစ်ပြည့်မြောက်ချိန်၌ ပြည်သူလူထုအနေဖြင့် မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုခွင့် ရရှိခဲ့ခြင်းသည် တိုးတက်သည့် သဘောမျိုးဖြစ်သည်ဟု ၄င်းက ဆိုသည်။

"စီးပွားရေးနဲ့ ပတ်သက်လို့ ကုန်စျေးနှုန်းတွေ ကြီးမြင့်တာတို့ အကြောင်းခြင်းရာနဲ့ပတ်သက်လို့ ဝေဖန်တာတွေကတော့ အများကြီးပေါ့။ ပြည်သူလူထုဘက်က မြင်တာကို ပြောတာကို ပြောရဲလာတယ်ပေါ့၊ အဲ့လိုပဲ ၀မ်းပန်းတသာ အကောင်းမြင်ရမယ်။ မပြောရဲတာကို ပြောရဲလာတယ်၊ အဲ့ဒါ တိုးတက်လာတဲ့သဘောဖြစ်တယ်" ဟု သူရဦးတင်ဦးက သူ့၏ သုံးသပ်ချက်မိန့်ခွန်းတွင် ပြောဆိုထားသည်။

NLD အစိုးရအနေဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စသည့် ရွေးကောက်ပွဲကတိကဝတ်များဖြင့် ပြည်သူလူထုကို မဲဆွယ်စည်းရုံးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly