ဗိုလ်ချုပ်စမစ်ဒွန်း ကွယ်လွန်မှု ၃၈ နှစ်ပြည့် မိသားစုမှ သတိရဆုတောင်းပွဲပြုလုပ်မည်

ဗိုလ်ချုပ်စမစ်ဒွန်း ကွယ်လွန်မှု ၃၈ နှစ်ပြည့် မိသားစုမှ သတိရဆုတောင်းပွဲပြုလုပ်မည်
ဓာတ်ပုံ-ဦးစစိုးမှန်

မတ်လ ၃၀ ။         ။ မြန်မာ့တပ်မတော်မှာ ပထမဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်စမစ်ဒွန်း ကွယ်လွန်တာဟာ အခုဆို ၃၈ နှစ်ရှိပါပြီ။ သူသာ အခုချိန်ထိ အသက်ရှိ နေမယ်ဆိုရင် အသက် ၁၁၁ နှစ် ရှိမှာလည်း ဖြစ်ပါတယ်။ နှစ်ပေါင်းကြာလာပြီဖြစ်တဲ့ ဗိုလ်ချုပ် စမစ်ဒွန်းရဲ့ အုတ်ဂူကို ပြုပြင်ပြီး မနက်ဖြန် မတ်လ ၃၁ ရက်မှာတော့ အောက်မေ့သတိရပွဲလုပ်မှာလည်းဖြစ်ပါတယ်။

“ အုတ်ဂူကတော့ ၂၃ ရက်နေ့က စပြင်လိုက်တာပေါ့ ။ ၂၉ ရက်နေ့ ၊ မနေ့က ပြီးခဲ့တယ်။ ပြီးတော့ ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရက ပြီးတဲ့အခါမှာ ဘုရားထံ အပ်နှံတာတို့၊ ဘာတို့လုပ်တယ်လေ။ ခရစ်ယာန်ရဲ့ထုံးတမ်းအစဉ်လာအရ လုပ်တဲ့အခါမှာ အခုကပြီးသွားတဲ့အခါမှာ အောက်မေ့သတိရတဲ့ဆုတောင်းပွဲလေးပေါ့ဗျာ”ဟု မြေးတော်စပ်တဲ့ ဦးစစိုးမှန်က ကလောမြို့၊ ခရစ်ယာန်သချိုင်းမှာရှိတဲ့ အဘိုးဖြစ်သူအုတ်ဂူအကြောင်း ပြောပါတယ်။

ကရင်လူမျိုးတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် စမစ်ဒွန်းကို ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ ကျံုပျော်မြို့နယ်၊ အင်းရဲကျွန်းရွာ မွေးဖွားခဲ့တာဖြစ်တယ်လို့ မြေးဖြစ်သူက ဆိုပါတယ်။ နိုင်ငံရဲ့ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တိုက်ပွဲဝင်ခဲ့ပြီး မြန်မာ့ပထမဆုံး ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးလေးပေလို့ လူသိများတဲ့ ဗိုလ်ချုပ် စမစ်ဒွန်းကို ၁၉၀၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်မှာ မွေးဖွားခဲ့တာပါ။ ၁၉၄၇-၄၈ ခုနှစ် ကာလတွင် လွတ်လပ်ရေးရပြီးကာစ တပ်မတော်အား ကွပ်ကဲရန် စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် စမစ်ဒွန်းကို ပြောင်းလဲ တာဝန်ပေးခဲ့ပြီး ၁၉၄၉ ခုနှစ်မှာ အနားယူခဲ့ရပါတယ်။ အဲဒီနောက် သူကွယ်လွန်ချိန် ၁၉၇၉ ခုနှစ်အထိ ရှမ်းပြည်နယ်၊ ကလောမြို့မှာ သာမန်ဘဝနဲ့   နေထိုင်ခဲ့တာဖြစ်ပါတယ်။

သူရာထူးကနေ နားပြီးနောက် လက်လွှဲတာဝန်ရယူခဲ့တာကတော့ ၁၉၄၉ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရာထူးးလက်ခံရယူခဲ့တာကတော့ ဗိုလ်ချုပ်နေဝင်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်စမစ်ဒွန်းဟာ အိန္ဒိယနိုင်ငံ၊ ဒယ်ရဒွန်း စစ်တက္ကသိုလ်ရဲ့ ပထမဆုံးအပတ်စဉ် ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး အတော်ဆုံးကျောင်းသားလို့ အသိအမှတ်ပြု ခံရသူဖြစ်ခဲ့၍ ပထမဆုံး ဂုဏ်ထူးဆောင် ဓါးဆုကို ရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly