ကွယ်လွန်သူ ဂျော့မိုက်ကယ်အတွက် ကျန်ရစ်သူမိသားစုက သီးသန့်စျာပနပြုလုပ်

ကွယ်လွန်သူ ဂျော့မိုက်ကယ်အတွက် ကျန်ရစ်သူမိသားစုက သီးသန့်စျာပနပြုလုပ်

အသက် ၅၃နှစ်အရွယ်၌ ရုတ်တရက် ကွယ်လွန်သွားခဲ့သော နာမည်ကျော်ပေါ့ပ်အဆိုတော် ဂျော့မိုက်ကယ်၏ စျာပနအား ကွယ်လွန်ပြီး သုံးလအကြာခန့်တွင် ပြုလုပ်ခဲ့ပါသည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် အသေးစား သီးသန့်စျာပနပွဲလေးကို ပြုလုပ်ခဲ့ပြီး မိသားစုဝင်များနှင့် ရင်းနှီးသော မိတ်ဆွေများက တက်ရောက်ခဲ့ကြောင်း ဂျော့၏မိသားစုက ပြောခဲ့သည်။

ဂျော့၏မိသားစုက လန်ဒန်မြို့၌ ကျင်းပခဲ့သော စျာပနပွဲသို့ မေတ္တာစာများနှင့် အထောက်အပံ့များ ပေးပို့ခဲ့သော သူ၏ပရိသတ်များကို ကျေးဇူးတင်ရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဂျော့မိုက်ကယ်သည် ပြီးခဲ့သော ခရစ္စမတ်နေ့က အောက်စ်ဖို့ရှိုင်းယားကောင်တီ ဂိုရင်းအောန်သိမ်းစ်ရှိ သူ၏နေအိမ်၌ သဘာဝအတိုင်း ကွယ်လွန်ခဲ့သည်။

ဂျော့၏ကျန်ရစ်သူမိသားစုမှ ထုတ်ပြန်သော ကြေညာစာတွင် “ယနေ့တွင် အဆိုတော် ဂျော့မိုက်ကယ်၏ စျာပနပွဲ အားကျင်းပကြောင်း ကျနော်တို့အတည်ပြုပါတယ်။ မိသားစုဝင်များနှင့် အရင်းနှီးဆုံး သူငယ်ချင်းများဟာ ချစ်လှစွာသော သားလည်းဖြစ်၊ ညီအစ်ကိုလည်းဖြစ်၊ မိတ်ဆွေရင်းကြီးလည်း ဖြစ်သည့် ဂျော့မိုက်ကယ်၏ နောက်ဆုံးခရီးအား အသေးစား သီးသန့်စျာပနပွဲလေးပြုလုပ်ပြီး လာရောက်နှုတ်ဆက်ကြပါတယ်” ဟု ဖော်ပြထားသည်။

ဒါ့အပြင် ကမ္ဘာတစ်ဝန်းမှ မေတ္တာစာများ နှင့် အထောက်အပံ့များ ပေးပို့သော ဂျော့၏ပရိတ်သတ်များကိုလည်း မိသားစုမှ ကျေးဇူးတင်ရှိကြောင်းနှင့် မီဒီယာများ၏ အနှောင့်အယှက်မှကင်းဝေးအောင် သီးသန့်စျာပနပွဲလေး ပြုလုပ်ခြင်းဖြစ်ကြောင်း၊ မိသားစု၏ ကိုယ်ရေးကိုယ်တာကိစ္စများကို မစွက်ဖက်ဖို့ မေတ္တာရပ်ခံလိုကြောင်းလည်း ဖော်ပြခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly