ဧရာဝတီတိုင်းအတွင်းက တံတားအချို့ သစ်ခွဲသားများ ကြားညှပ်အသုံးပြုမှုပင်ရှိနေဟု စစ်ဆေးတွေ့ရှိ

ဧရာဝတီတိုင်းအတွင်းက တံတားအချို့ သစ်ခွဲသားများ ကြားညှပ်အသုံးပြုမှုပင်ရှိနေဟု စစ်ဆေးတွေ့ရှိ
ပုသိမ်-မုံရွာကားလမ်းသို့ အလယ်ဝင်ပေါက်ဖြစ်သည့် ငဝန်တံတား(လေးမျက်နှာ) တံတား၏ ပုံသဏ္ဍန်. (ဓာတ်ပုံ-MOI)

ပုသိမ်၊ မတ် ၂၉ ။              ။ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်အတွင်း ဆောက်လုပ်ခဲ့သည့်  တံတားအချို့ကို စစ်ဆေးကြည့်ရာတွင် သစ်ခွဲသားများ ကြားညှပ်အသုံးပြုမှုပင် ရှိနေကြောင်း ဧရာဝတီတိုင်း စိုက်ပျိုးရေးဆည်းမြောင်းနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းက ပြောသည်။

"တည်ဆောက်ပေးခဲ့တဲ့တံတားအများစု သံဘောင် ကွန်ကရစ်အမျိုးအစားဖြစ်ပြီး သစ်သားကြမ်းခင်း အမျိုးအစားဖြစ်ပြီး၊ သစ်မာအမျိုးအစားဖြင့် ဆောင်ရွက်ရတာပါ။ သက်ဆိုင်ရာ ကုမ္ပဏီများက   သိက္ခာမဲ့စွာ တောင်သရက်ကဲ့သို့ ခွဲသားများကို ကြားညှပ်အသုံးပြုခဲ့ပါတယ်" ဟု ဝန်ကြီးက မတ်လ ၂၉ရက်က တိုင်းလွှတ်တော်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ငပုတောမြို့နယ်၌ ပေ၄၀အထက် တံတား ၁၈ စင်း ဆောက်လုပ်သည်ဟု ဆိုသည်။

ငပုတောမြို့နယ်တွင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ကျေးလက်ဦးစီးရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့သည့်  တံတားများ ပျက်ဆီးယိုယွင်နေခြင်းကို တိုင်းအစိုးရ ဆောင်ရွက်ထားမှုအား ငပုတောမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေ ၏ တိုင်းလွှတ်တော်တွင် မေးမြန်းမှုကို ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းလည်းဖြစ်သည်။

ငပုတောမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဖြိုးဇော်ရွှေက "ကုမ္ပဏီများသည် အမြတ်ရရေးကိုသာ ဦးစားပေးလုပ်ခဲ့သောကြောင့် ယိုယွင်းဆွေးမြေ့ပျက်စီးနေသည်ကိုတွေ့ရှိခဲ့ရပါတယ်။ ရဲရင့်ထက်မြတ်အောင်ကုမ္ပဏီမှ ဆောက်လုပ်ခဲ့သော ငရုပ်ကောင်းရေကျော်တံတား၊ ရတနာပြည့်အောင်ကုမ္ပဏီမှ တည်ဆောက်ခဲ့သော သားခွေချောင်ကုလားချောင်းတံတား၊ ရဲရင့်ထက်မြတ်အောင်ကုမ္ပဏီ ဘုရားတောင် ကန့်ဗလာတံတားတို့ ပျက်စီးနေကြောင်း" လွှတ်တော်တွင် တင်ပြမေးမြန်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ မေးမြန်းမှုကို ဧရာဝတီတိုင်း စိုက်ပျိုးရေးဆည်းမြောင်းနှင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးက ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနတွင် တင်ဒါအောင်ကုမ္ပဏီများဆီက လုပ်ငန်းပြီးမြောက်မှုအာမခံ ငါးရာနှုန်းကိုပေးသွင်းထားရကြောင်း၊ အဆိုပါ ငါးရာခိုင်နှုန်းကို ကုမ္ပဏီများ၏ တံတားဆောက်လုပ်ထားသည့် လုပ်ငန်းပြီးစီးမှု၊ အထူးသဖြင့် တံတားကြမ်းခမ်းများ၊ သံဘောင်ကွန်ကရစ်များ၏ အရည်အသွေး စသည်တို့ကို စစ်ဆေးပြီး သတ်မှတ်ချက်အတိုင်း မှန်ကန်မှသာ အာမခံကြေး ငါးရာခိုင်နှုန်းကို ပြန်လည်ထုတ်ပေးကြောင်း ဝန်ကြီးက ရှင်းပြခဲ့သည်။ 

ဖော်ပြပါ ငါးရာနှုန်းကို ထုတ်ပေးခြင်းမပြုသေးဘဲခရိုင်မြို့နယ်များ လုပ်ငန်းပြီးစီးမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ကုမ္ပဏီများကို ပြုပြင်စေချင် အထူးသဖြင့် တံတားကြမ်းခမ်းများ သံဘောင်ကွန်ကရစ်များ   ချေးချွတ်စေချင်များဆေးသုတ်စေချင်များပြုလုပ်စေပြီး သက်ဆိုင်ရာ ကျေးရွာကပြီးကြောင်း မှန်ကန်တဲ့ ထောက်ခံချက် ဓါတ်ပုံမှတ်တမ်းများပါရှိမှာ အာမခံငါးရာနှုန်းပြန်လည်ထုတ်ပေးခြင်းဖြင့် ကြီးကြပ်ဆောင်ရွက်နေကြောင်း ဝန်ကြီးကဖြေဆိုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနတွင် တိုင်ကြားခံရမှုအများဆုံးမှာ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်က အများဆုံးဖြစ်ကြောင်းသိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ကျေးလက်ဦးစီးဌာန ၂၀၁၃-၁၄ဘက်ဂျက်တွင် ရေတွင်းများတူးဖော်မှုတွင် တချို့နေရာ တွင်းဟောင်းများတွင် အုတ်ဖိနပ်များသာ လုပ်ပေးခဲ့ကြောင်းလည်း   ကျေးရွာနေပြည်သူများထံက သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly