ရန်ကုန်တိုင်းသမဝါယမဦးစီးဌာန ကျပ်သန်း ၁၈၀၀ နီးပါး အရှုံးပေါ်

ရန်ကုန်တိုင်းသမဝါယမဦးစီးဌာန ကျပ်သန်း ၁၈၀၀ နီးပါး အရှုံးပေါ်

ရန်ကုန်၊ မတ် ၂၈ ။            ။ ရန်ကုန်တိုင်း သမဝါယမဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ကျပ်သန်း ၁၈၀၀ ကျော် သုံးစွဲခဲ့သော်လည်း ပြန်လည်ရရှိသည့် ဝင်ငွေမှာ ကျပ်ငွေ ၁၀ သန်းကျော်သာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရေးအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ သမဝါယမဦးစီးဌာန၏ သာမန် အသုံးစားရိတ်ရှင်းလင်းချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနသည် ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဝင်ငွေ ၁၀ ဒဿမ ၄၂၂ သန်း ရရှိခဲ့ပြီး အသုံးစရိတ်တွင် ကျပ်ငွေ ၁၈၀၁ ဒဿမ ၀၀၆ သန်းရှိခဲ့ခြင်း ဖြစ်သည်။

"ဝင်ငွေနဲ့ ရငွေတွေဟာ အများကြီးကွာခြားနေတာကို အံ့သြဖွယ် တွေ့ရှိရပါတယ်။ အစိုးရအဖွဲ့က အလေးအနက် ထားပြီးတော့ ပြန်လည်စိစစ်ဖို့ အထူးပဲ လိုအပ်လှပါတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က မတ် ၂၈ရက်က လွှတ်တော်တွင် ထောက်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

သမဝါယမဦးစီးဌာနက စာအုပ်စာတမ်းနှင့် သတင်းစာဟောင်းများ ရောင်းရငွေ (၀.၀၉၈) သန်း၊ အသင်းမှတ်ပုံတင်ကြေးနှင့် ကျောင်းလခရငွေ (၈.၂၅၈)သန်း၊ သင်တန်းကျောင်းဆိုင်ခန်းများ   နိုင်ငံပိုင်အခန်းများ ငှားရမ်းခမှ ရငွေ( ၂.၀၆၆)သန်းရရှိခဲ့ကာ ပြန်လည်အသုံးစရိတ်အနေဖြင့် ဝန်ထမ်းလစာချီးမြှင့်ငွေ ကျပ် သန်း(၁၇၁၉.၉၆၀) ရှိခဲ့ပြီး ခရီးသွားလာစားရိတ်အဖြစ် (၂၀.၃၉၈) သန်းရှိခဲ့သည်ဟု စာရင်းများအရသိရသည်။

"သမဝါယမဦးစီးဌာနရဲ့ တစ်နှစ်လုံးဝင်ငွေက ခရီးသွားစားရိတ်တောင်မရဘူး ဖြစ်နေတယ်။ အံ့လည်းအံ့သြမိတယ်" ဟု ဦးရန်အောင်က လွှတ်တော်၌ အစိုးရအဖွဲ့၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးစဉ်ထည့်သွင်းပြောဆိုခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် သေသေချာချာ ဖိဖိစီးစီးဆောင်ရွက်မည့် လုပ်ငန်းစစ် ဆေးရေးအဖွဲ့များကို ဖွဲ့စည်းပေးပြီး စစ်ဆေးသင့်သည်ဟု ၎င်းက တိုက်တွန်းလိုက်သည်။

"အလွန်အရေးကြီးတဲ့အခြေအနေမှာ ရှိပါတယ်။ ဒီလိုကိစ္စမျိုးကို သေသေချာချာ ဖိဖိစီးစီး အစိုး ရအဖွဲ့က မဖော်ထုတ်ရင် နေရင်းထိုင်ရင်း အစိုးရသစ်ရဲ့ ဂုဏ်သိက္ခာကျဆင်းမှာဖြစ်ပါတယ်။   ပြည်သူလူထုရဲ့ ချွေးနှဲစာအခွန်အခတွေဖြစ်တာကြောင့် အလေးအနက်ထားဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်" ဟု ဦးရန်အောင်က ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly