ငြိမ်းချမ်းရေးအတွက် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့ သူရဦးတင်ဦးဆို

ငြိမ်းချမ်းရေးအတွက် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့ သူရဦးတင်ဦးဆို

ရန်ကုန်၊ မတ် ၂၇ ။              ။ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ရန် အပြန်အလှန် လေးစားအသိအမှတ်ပြုမှုနှင့် ယုံကြည်မှုလိုအပ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်​ နာယက သူရဦးတင်ဦးက ပြောဆိုလိုက်သည်။

"နိုင်ငံရေးပါတီ၊ လွှတ်တော်၊ အစိုးရနဲ့ တပ်မတော်တို့ ညီညီညွတ်ညွတ် ပေါင်းစည်းလျက်၊ တိုင်းရင်းသားမျိုးနွယ်စုအားလုံး ပါဝင်တဲ့ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးကို အပြန်အလှန်လေးစား၊ အသိအမှတ်ပြုမှု၊ အပြန်အလှန် ယုံကြည်မှုများဖြင့် တည်ဆောက်ဖို့ တိုက်တွန်းလိုက်ရပါတယ်" ဟု သူရဦးတင်ဦးက ပြောဆိုခဲ့သည်။

ယနေ့ မတ် ၂၇ ရက်နေ့တွင် ကျရောက်သည့် ရ၂နှစ်​မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်ခဲ့ပြီး ယင်းပွဲတွင် သူရဦးတင်ဦးက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

"ဖက်ဆစ်တော်လှန်ရေးကပေးတဲ့ အမျိုးသားသွေးစည်းညီညွတ်ရေး အဓွန့်ရှည်ပါစေ" ဟုလည်း သူရဦးတင်ဦး၏ မိန့်ခွန်းအပြီးတွင် ကြွေးကြော်သွားခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်သည့် ထုတ်ပြန်စာတွင် "အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မိမိ၏ ရည်မှန်းချက်ပန်းတိုင်မှ မည်သည့်အခါမျှ အာရုံပြောင်းလဲသွားမှာ မဟုတ်သလို၊ လွဲမှားသောသွေဖည်မှုများဆီသို့လည်း ယိမ်းယိုင်သွားမည် မဟုတ်ပေ" ဟု ဖော်ပြထားသည်။

ထို့အပြင် "အမျိုးသားရေးတိုင်းရင်းသားမျိုးနွယ်စုအရေးများတွင် စစ်ရေးအင်အားဖြင့် သြဇာသက်ရောက်အောင် ဖိအားပေးလေ့ရှိသည့် ရွေးချယ်မှုမျိုးကိုလည်း နိဂုံးချုပ်အောင် ဆောင်ကျဉ်းပေးကြပါလိမ့်မည်" ဟု ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ထုတ်ပြန်သည့် ထုတ်ပြန်စာတွင် ဖော်ပြပါရှိသည်။

ယနေ့ NLD ရုံးချုပ်၌ ပြုလုပ်သည့်ပွဲကို NLD ပါတီ ဗဟိုအလုပ်အမှုဆောင်များ၊ နိုင်ငံရေးပါတီက တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တိုင်းလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly