ရခိုင်အရေးအပေါ် ကုလဆုံးဖြတ်ချက် ပြည်ခိုင်ဖြိုးကန့်ကွက်

ရခိုင်အရေးအပေါ် ကုလဆုံးဖြတ်ချက် ပြည်ခိုင်ဖြိုးကန့်ကွက်

ရန်ကုန်၊ စက်တင်ဘာ ၂၆ ။            ။ ကုသသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

မတ်လ၂၅ ရက်က ထုတ်ပြန်ခဲ့သည့် ယင်းကြေညာချက်တွင် "မည်သည့်နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့ နှင့် မည်သည့်အဖွဲ့ ရုံးခွဲဖွင့်လှစ်ခြင်းကိုမှ လက်ခံမည်မဟုတ်ကြောင်း" ဖော်ပြပါရှိသည်။

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် အချုပ်အခြာအာဏာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ စွက်ဖက်ရာရောက်သည့် မည်သည့်လုပ်ရပ်နှင့် လုပ်ငန်းစဉ်မဆို ပြည်သူလူထုနှင့်အတူ ဆန့်ကျင်ကာကွယ်သွားမည်ဟု ယင်းကြေညာစာတွင်ပါရှိသည်။

ကုလသမဂ္ဂ၏ အဆိုပါ ဆုံးဖြတ်ချက်အပေါ် "တရားမျှတမှုမရှိ" ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုထားသည့်အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စေလွှတ်လာမည့် အဖွဲ့ကိုလည်း လက်ခံသွားခြင်းပြုမည်မဟုတ်ဘဲ ပယ်ချသွားမည်ဟုလည်း ဆိုသည်။

ယမန်နေ့က ထုတ်ပြန်ထားသည့် ကြေညာစာတွင် နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထု တစ်ရပ်လုံးက ကုလသမဂ္ဂ၏ အဆိုပါလုပ်ရပ်မျိုးကို ပြတ်ပြတ်သားသားဆန့်ကျင်သွားရန် တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ(ဘင်္ဂါလီ)များအပေါ် လူအခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဆိုသည့် စွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံကို လွတ်လပ်သည့် နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့   စေလွှတ်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က ဆုံးဖြတ်ချက်ချခဲ့ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly