လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ဖို့ ကုလဆုံးဖြတ်ချက် မြန်မာလက်မခံ

လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ဖို့ ကုလဆုံးဖြတ်ချက် မြန်မာလက်မခံ

ရန်ကုန်၊ မတ် ၂၅ ။             ။ ရခိုင်ပြည်နယ်အရေးကိစ္စတွင် လူအခွင့်အရေးချိုးဖောက်ခံရမှုများ ရှိမရှိ စုံစမ်းစစ်ဆေးရန် လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက လက်မခံနိုင်ပါကြောင်း မတ် ၂၄ရက်က ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းအောင် အစိုးရက လုပ်ဆောင်ရာတွင် ရိုဟင်ဂျာ(ဘင်္ဂါလီ)များအား လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲပြောဆိုမှုများ ရှိနေ၍ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ယခုလို စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

သို့သော် ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ဖွဲ့စည်းပေးပြီးဖြစ်သလို ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုရှိနေသည်ဆိုသည့် ပြောဆိုမှုများကို စုံစမ်းစစ်ဆေးရန် ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်သောကြောင့် မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဒုတိယသမ္မတ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် လူ့အခွင့်အရေးချိုးဖောက်ခံရသည်ဆိုသည့် ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဘဇားကိုပါ သွားရောက်ပြီး စုံးစမ်းမှုများ ပြုလုပ်ခဲ့သည်ဟု အစိုးရဘက်က ထုတ်ပြန်ထားသည်။

ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရသည်ဆိုသည့် စွပ်စွဲချက်များ ခိုင်လုံမှုရှိရင် ယင်းအတွက် သက်သေများကို နိုင်ငံတကာ၏ ကာကွယ်စောင့်ရှောက်မှုဖြင့် မြန်မာနိုင်ငံသို့ လာရောက်စေပြီး တရားရုံးများ၌ ဥပဒေနှင့်အညီ အမှုဖွင့် တရားစွဲဆိုနိုင်ရေးကို ဆောင်ရွက်ပေးသွားမည်ဟု အစိုးရဘက်က ကတိပေးထားသည်။

သို့ပေမယ့် လက်ရှိအခြေအနေတွင် လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစေလွှတ်ရန် ဆုံးဖြတ်ခဲ့သည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် ပြဿနာဖြေရှင်းရန် အထောက်အကူဖြစ်စေရန် မဟုတ်ဘဲ ပြဿနာကို ပိုမိုကြီးထွားစေခြင်း သာဖြစ်သည်ဟု မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် အစိုးရဘက်က လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကို ကြိုးပမ်းလုပ်ကိုင်သွားမည်ဖြစ်ပြီး မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က တင်ပြထားသည့် အကြံပြုချက်(၃၀) ကို အကောင်အထည်ဖော်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly