ကိုယ့်သင်္ကြန်သံချပ် ကိုယ်တာဝန်ယူဖို့ တိုင်းဝန်ကြီးချုပ်ပြော

ကိုယ့်သင်္ကြန်သံချပ် ကိုယ်တာဝန်ယူဖို့ တိုင်းဝန်ကြီးချုပ်ပြော
၂၀၁၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပသည့် မြန်မာအတာတန်ခူးလ ရေကစားပွဲတော်အားတွေ့မြင်ရစဉ်။

ရန်ကုန်၊ မတ် ၂၄ ။              ။ မဟာသင်္ကြန်ကာလအတွင်း သီဆိုဖျော်ဖြေမည့် သင်္ကြန်သံချပ်သီချင်းများနှင့် ပတ်သက်ပြီး ကိုယ့်သံချပ်ကိုယ် တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ဆောင်ရွက်ကြရမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

“ တာဝန်ယူ၊ တာဝန်ခံမှုနဲ့ပဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲ့ဒီတာဝန်ယူ၊ တာဝန်ခံထားတဲ့ သံချပ်တွေ အားလုံးကို တိုင်းဒေသကြီးအစိုးရဘက်ကနေ ထိခိုက်နစ်နာတဲ့အခြေနေမျိုးရှိနိုင်တယ်ဆိုလို့ရှိရင် စီစစ်ပြီးတော့ ဒီအခြေနေပေါ်မှာကြိုတင်ပြီးအသိ်ပေးသွားမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျွန်တော်တို့နိုင်ငံဟာ အခုဒီအချိန်ကာလမှာ လူမျိုးရေး၊ ဘာသာရေး၊ အခြားသောအမုန်းစကားတွေ မပေါ်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေရတဲ့ကာလတစ်ခု ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ယနေ့ မတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ၂၀၁၇ ခုနှစ်၊ ရန်ကုန်မဟာသင်္ကြန်ပွဲတော်နှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အပြောင်းအလဲကာလတစ်ခုအတွင်း ရှိနေသည့် အတွက် အမုန်းစကားများ မပေါ်ဖို့ အရေးကြီးကြောင်းလည်း ၄င်းက ဆက်လက်ပြောဆိုသည်။

ထိုသို့ပြောဆိုထားသော်လည်း ရန်ကုန်တိုင်းအစိုးရအနေဖြင့် သင်္ကြန်သံချပ်သီချင်းများတွင် တိုင်းအစိုးရ၏ လက်ရှိလုပ်ဆောင်မှုတွေအပေါ် ဝေဖန်လိုခြင်းနှင့် သရော်ခြင်းတို့ကို ခွင့်ပြုပေးသွားမည် ဖြစ်သည်။

“ ဘယ်အရာမဆို အစွန်းရောက်တာမကောင်းပါဘူး။ ကိုယ့်သံချပ်ကိုယ် တာဝန်ယူရဲတဲ့သတ္တိတော့ ရှိရမှာပေါ့။ ရန်ကုန်တိုင်းအစိုးရကိုဝေဖန်တာကတော့ ခွင့်ပြုရမှာပေါ့ ။ ခွင့်မပြုဘူးဆိုရင် သူလည်းအာဏာရှင်ပေါ့ ။ ဒါနှစ်စဉ်ဖြစ်နေတဲ့ပြဿနာပါ။ ပြဿနာမရှိပါဘူး ” ဟု ရုပ်ရှင်သရုပ်ဆောင် ဦးဗေလုဝက ပြောဆိုသည်။

မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေတင်ဆက်မည့် အဖွဲ့များ၏ သီချင်းများ၊ သံချပ်များသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး ဟူသော အရေးသုံးပါးကို ထိခိုက်မှုမရှိစေရေး တို့ကို ကြိုတင်စီစစ်နိုင်ရန် မတ်လ ၃ရက် နောက်ဆုံးထားပေးပို့ကြရန် မဟာသင်္ကြန်သီချင်း၊ သံချပ် စီစစ်ကြပ်မတ်ရေးလုပ်ငန်းကော်မတီ (ရန်ကုန်တိုင်းဒေသကြီး)မှ ကြေညာထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီးဝန်ကြီးချုပ်က” စိုးရိမ်တဲ့အခြေနေကတော့ အမုန်းစကားတွေနဲ့ နိုင်ငံရဲ့စည်းလုံးညီညွှတ်မှုတွေ၊ နိုင်ငံရဲ့အချုပ်အခြာအာဏာတည်မြဲမှုတွေနဲ့ ပတ်သက်ပြီး ထိခိုက်နစ်နာသွားမှုတွေ မဖြစ်ဖို့အတွက် ၊ နိုင်ငံသားတွေက ပျော်ရွင်မှုတွေနဲ့အတူ ဒီအခြေနေကို ထိန်းသိမ်းနိုင်လိမ့်မယ် ယုံကြည်ပါတယ် ” ဟု ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly