စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များကို လုံးဝခွင့်ပြုပေးသွားမည်မဟုတ်

စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များကို လုံးဝခွင့်ပြုပေးသွားမည်မဟုတ်

ရန်ကုန် ၊ မတ် ၂၄ ။           ။ သင်္ကြန်ကာလ၌ ရန်ကုန်တိုင်းအတွင်း စီးပွားဖြစ်မဏ္ဍပ်များကို လုံးဝခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက   ပြောဆိုလိုက်သည်။

"ဒီကျင်းပမယ့် မဟာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကြီးမှာ စီးပွားဖြစ်မဏ္ဍပ်တွေအားလုံး ခွင့်ပြုမှာ မဟုတ်ဘူး ဆိုတာကို ပြောပါရစေ။ ရေပိုက်တစ်ချောင်းကို ဘယ်လောက်၊ စားစရိတ်က ဘယ်လောက်၊တစ်ရက်ပက်မယ်ဆို ငါးသောင်းတစ်သိန်း ဒီလိုပုံစံမျိုးတွေကို ရေကစားမဏ္ဍပ်မှာ ကျွန်တော်တို့ခွင့်ပြုမှာ မဟုတ်ပါဘူး" ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

ယနေ့ မတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ၂၀၁၇ ခုနှစ်၊ ရန်ကုန်မဟာသင်္ကြန်ပွဲတော်နှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အင်းယားလမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်းတွေမှာ သင်္ကြန်မဏ္ဍပ်တွေကို ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း၊ မဏ္ဍပ်များပေါ်က အလုံပိတ်ခန်းများကို အရေးယူသွားမည် ဖြစ်ပြီး ၊ အရက်သေစာများအား ဥပဒေမဲ့ ရောင်းချခြင်းများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက် သွားမည်ဟု ၀န်ကြီးချုပ်က ပြောဆိုခဲ့သည်။

သို့ပေမယ့် သုဝဏ္ဏ တွင်ရှိသည် The one ကဲ့သို့နေရာမျိုး ၊ ရွှေထွဋ်တင်ကဲ့သို့ ကွင်းမျိုးများတွင် ဖျော်ဖြေရေးပွဲများ ကျင်းပခွင့်ပေးသွားမည် ဟုလည်း ၀န်ကြီးချုပ်က ဆိုသည်။

"ဒီလိုနေရာမျိုးမှာလုပ်တဲ့ ပွဲတွေအားလုံးကို ပွဲ ပါမစ် သီးခြား လျှောက်ရမှာ ဖြစ်ပါတယ်၊ ဒီအတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းတွေကလဲ သင်္ကြန်နဲ့မတူညီပါဘူး။ စီးပွားရေးဆန်တဲ့ပွဲတွေဖြစ်လာနိုင်ပါတယ်၊ ဒီလိုပွဲတွေကိုလည်း ဥပဒေနဲ့အညီ စနစ်တကျ ခွင့်ပြုဖို့ စီစဉ်ထားပါတယ်" ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly