ပညာရေးလောကကို အဂတိတရားကင်းစေရေး အစိုးရ ထိန်းကျောင်းရန် တိုင်းဝန်ကြီးပြော

ပညာရေးလောကကို အဂတိတရားကင်းစေရေး အစိုးရ ထိန်းကျောင်းရန် တိုင်းဝန်ကြီးပြော
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အတွင်းက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကလေးငယ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

ပုသိမ်၊ မတ် ၂၂ ။             ။ ပညာရေးလောကတွင် အဂတိတရားများ၊ ဘက်လိုက်မှုများ၊ ဖိအားပေးမှုများ ကင်းစင်ရေးအတွက် အစိုးက ထိန်ကျောင်းပေးရန်လိုအပ်ကြောင်း လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက ထောက်ပြပြောဆိုခဲ့သည်။

၎င်းက ပုသိမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အောင်သူထွေး၏ မတ်လ ၂၂ရက်က တိုင်းလွှတ်တော်တွင် တင်သွင်းသည့် "ဧရာဝတီတိုင်းဒေသကြီး ပညာရေးဌာနမှတာဝန်ရှိသူအချို့၏ လုပ်ငန်းများဆောင်ရွက်ရာတွင် လွဲချော်မှုများ၊ တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိစစ်အရေးယူထိန်းကျောင်းတည့်မတ်ပေးနိုင်ရေး အစိုးရအား တိုက်တွန်းကြောင်း အဆို" အပေါ် ထောက်ပြခဲ့ခြင်းဖြစ်သည်။

"လက်ရှိ အခြေခံပညာရေးလောကအတွင်းမှာရှိတဲ့ အားနည်းချက်များကို ထောက်ပြဆွေးနွေးသွားတဲ့ ကောင်းမွန်သင့်တော်တဲ့ အဆိုတခုဖြစ်ပါတယ်။ လွှတ်တော်မှာ ဆက်လက်ဆွေးနွေးပါက အခြေခံပညာရေး ကဏ္ဍအတွင်းမှာ ဖြစ်ပွားနေတဲ့ အဂတိတရားများ ဘက်လိုက်မှုများ ဖိအားပေးမှုများ ကင်းစင်ရန်အတွက် များစွာ အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။   နှစ်ပေါင်းများစွာခြစားယိုယွင်းနေတဲ့ အခြေအနေကို တိုင်းဒေသကြီးအစိုးရနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်ထိန်းကျောင်းပေးတယ်လို့ယူဆပါတယ်”ဟု လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးကပြောသည်။

အဆိုအား ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီး တိုင်းလူမှုရေးဝန်ကြီးက ထောက်ခံဆွေးနွေးကာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်က ထောက်ခံခဲ့သဖြင့် အဆိုအား ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly