မိုင်းရှူးရှိ ကျေးရွာကြီး ၃ရွာ၌ ကြားဖြတ်ရွေးကောက်ပွဲ လုပ်၊ မလုပ် ဆွေးနွေးမည်

မိုင်းရှူးရှိ ကျေးရွာကြီး ၃ရွာ၌ ကြားဖြတ်ရွေးကောက်ပွဲ လုပ်၊ မလုပ် ဆွေးနွေးမည်
-နိုဝင်ဘာလ ၈ ရက်က ကျရောက်သည့် ၂၀၁၅ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန် နိုဝင်ဘာလ ၉ ရက်နေ့က အခြေအနေများအားတွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန်၊ မတ် ၂၂ ။           ။ ရှမ်းပြည်အရှေ့ပိုင်း လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်ရှိ ကျေးရွာကြီး ၃ရွာတွင် လုံခြံုရေးအခြအနေကြောင့်ဟုဆိုကာ ရွေးကောက်ပွဲ မကျင်းပရန် NLD ကိုယ်စားလှယ်လောင်းနှစ်ဦးက တောင်း ဆိုထားသောကြောင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် နှင့် ပါတီများမှ ကိုယ်စားလှယ်လောင်းများ မတ် ၂၃ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကန့်ကွက်လွှာတင်ခဲ့သူတစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ရွေးကောက်ခံကိုယ်စားလှယ်လောင်း ဦးဝင်းနိုင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ မှတ်ချက်မပေးလိုသေးကြောင်း နှင့် အစည်းအဝေးပြီး ရလာဒ်ကိုသာ ပြောနိုင်မည်ဟု ပြန်လည်ဖြေကြားသည်။

လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းတင်ကမူ “ဘာမှဆုံးဖြတ်ချက်မချရသေးပါဘူး။ မနက်ဖြန်ကျမှ မိုင်းရှူးမှာပြည်နယ်ကော်မရှင်ရယ်၊ ခရိုင်ကော်မရှင်ရယ်၊ မြို့နယ်ကော်မရှင်ရယ်ပေါ့ နောက်တစ်ခါ ရွေးကောက်ပွဲကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာ CSO ပါတီတွေပေါ့ အားလုံးပေါင်းပြီး အစည်းဝေးတစ်ခုလုပ်ဖို့လုပ်ထားတယ်" ဟုပြောသည်။

အဆိုပါ မဲဆန္ဒနယ်များမှာ ၂၀၁၅ ခုနှစ်က လုံခြံုရေးအခြေနေကြောင့် ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ဘဲ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှသာ ရွေးကောက်ပွဲလုပ်ရခြင်းလည်းဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/ SSA) ဘက်မှ ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် အစိုး ရနဲ့ အကောင်းဆုံးလက်တွဲလုပ်ဆောင်ရန် ကြိုးပမ်းမည်ဟု ပြောဆိုထားသော်လည်း ပူးပေါင်းမှုက တပ်မတော်အပေါ်မူတည်ကြောင်း ပြောဆိုထားသည်။

 မိုင်းရှူးမြို့နယ်တွင် ပါတီကြီးများဖြစ်သည့် ပြည်ထာင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP)နှင့် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ နှင့် ဝ လစ်ဘရယ်ဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါတီ ၅ခုထဲမှ အာဏာရပါတီ NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းနိုင်နှင့် နှစ်ဦးက ရွေးကောက်ပွဲရွေ့ဆိုင်းရန် ခရိုင်ကော်မရှင်သို့ ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) စိုင်းအောင်မြင့်ခိုင်က “လုံခြံုရေးအရ မယုံကြည်တာပေါ့ဗျာ။ ကျွန်တော်ထင်တယ် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း အဲ့ဘက်မှာရှိတယ်ဆိုတဲ့အနေအထားရှိတဲ့အတွက်ကြောင့် ဒီကလည်း ဒါကို လုံခြံုရေးအရ သူ(ကန့်ကွက်သူ)လည်း စိုးရိမ်ဖွယ်ရှိလို့ပေါ့နော်။ မယုံကြည်တာပေါ့။ ဟိုဘက်ကလည်းဖိအားပေးမယ်လို့ သူလည်း ယုံကြည်လို့ပေါ့။ အဲ့လိုဖြစ်လို့ပဲ ဒီလိုပဲစကားတွေထွက်လာတာပေါ့နော်။ SSPP ကလည်း လွတ်လပ်စွာလုပ်ပါလို့တော့ပြောထားတာပဲလေ။ တကယ်ဖြစ်တာက ဖြစ်မှမဖြစ်သေးဘဲ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တာပဲပေါ့" ဟု ပြာဆိုသည်။

မိုင်းရှူးဒေသမှာ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/ SSA) အဖွဲ့ဝင်များရှိနေသည့် ဒေသဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပသည့် အချိန်က တပ်မတော်နှင့် ရှမ်းပြည်မြောက်ပိုင်းအဖွဲ့တို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သေးသည်။ သို့သော်လည်း ယခုကြားဖြတ်ရွေးကောက်ပွဲ မတိုင်မှ ခန့်မှန်းခြေ ၅ လလောက်ကစပြီး ထိတွေ့တိုက်ပွဲဖြစ်မှုများ မရှိတော့ကြောင်းသိရသည်။

လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်ရှိ ကန့်ကွက်လွှာတင်ခံရသည့် နောင်အက်ကျေးရွာအုပ်စုတွင် မဲရုံ ၂ခုရှိပြီး မဲန္ဒရှင် ၁၂၅၅ ဦး၊ ကွန်ကျောင်းကျေးရွာအုပ်စုတွင် မဲရုံ ၁ရုံ၊ မဲဆန္ဒရှင် ၁၁၄၅ ဦး၊ မော်မေ့ကျေးရွာအုပ်စုတွင် မဲ ၂ ရုံရှိပြီး မဲဆန္ဒရှင် ၂၁၂၅ ဦးရှိပြီး စုစုပေါင်း ၅၀၀၀ နီးပါးခန့်ရှိနေသည်။

အဆိုပါ မဲဆန္ဒရှင် ဦးရေမှာ မိုင်းရှုးမြို့နယ်တခုလုံးတွင် မဲပေးနိုင်သူ မဲဆန္ဒရှင်အရေအတွက်၏ ၁၀ရာခိုင်နှုန်းခန့်ရှိနေခြင်းဖြစ်သည်။

မိုင်းရှုးတမြို့နယ်လုံးတွင် မဲရုံ ၅၀နီးပါးရှိပြီး မဲပေးနိုင်သည့် မဲဆန္ဒရှင် ၅သောင်းနီးပါးရှိကြောင်း လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မတီမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly