ဆရာတော်ဦးဝီရသူ၏ တိတ်ပိတ်တရားပွဲစီစဉ်သူအား ယခုပတ်တွင် တရားစွဲဆိုမည်

ဆရာတော်ဦးဝီရသူ၏ တိတ်ပိတ်တရားပွဲစီစဉ်သူအား ယခုပတ်တွင် တရားစွဲဆိုမည်

ပုသိမ်၊ မတ်လ ၁၃ ။           ။ ဆရာတော်ဦးဝီရသူက ပါးစပ် တိတ်ပိတ်ပြီး တရားခွေဖွင့်လှစ်ခဲ့သော တရားပွဲအား စီစဉ်ကျင်းပသည့် ဦးမောင်ဝင်းအား ယခု အပတ်တွင် တရားစွဲဆိုတော့မည်ဖြစ်ကြောင်း အိမ်မဲမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက မတ်လ ၂၀ ရက်နေ့တွင် ပြောသည်။

"ဥပဒေအကြံပေးချက်အတိုင်း ဆောင်ရွက်လို့ရအောင် တည်ဆောက်နေတာ။ အခု တရားစွဲပုဒ်မတွေ ပြောဖို့စောပါသေးတယ် ။ စွဲတဲ့အချိန်ကျ သိမှာပါ။  ကြိုပြောထားလို့ မသင့်လို့ပါ။ ကျွန်တော်တို့ဆီ ဥပဒေအကြံပေးထားတာ သောကြာနေ့က ရောက်ပါတယ် ” ဟု အိမ်မဲမြို့၊ အုပ်ချုပ်ရေးမှူးဦးသက်ဇော်ဦးက မဇ္ဈိမသို့ ပြောသည်။

ဆရာတော်ဦးဝီရသူအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ မတ်လ ၉ ရက်နေ့တွင် တရားဟောခွင့် တစ်နှစ်ပိတ်ခဲ့ပြီးနောက် အိမ်မဲမြို့နယ်၊သီးကွင်းကျေးရွာတွင် မတ်လ ၁၁ ရက်နေ့ညတွင် ဆရာတော်ဦးဝီရသူက ပါးစပ်တွင် တိတ်ပိတ်ပြီး တရားခွေ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မပိတ်ပင်ခင်ရက်ပိုင်းအတွင်း တိုင်းအစိုးရခွင့်ပြုချက်မရဘဲ တရားဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ က မတ်လ ၃ ရက်နေ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေး ရ/၂၀၁၇ ဆုံးဖြတ်ချက်အရ တရားဟောခွင့် ခွင့်မပြုရန် ဆုံးဖြတ်ထားပြီး၊ မအူပင်မြို့နယ် တာတပေါကျေးရွာတွင် ဆရာတော်ဦးဝီရသူက တိုင်းအစိုးရ ခွင့်ပြုချက်မရဘဲ မတ်လ ၈ ရက်နေ့ညတွင် တရားဟောပြောခဲ့သည်။

ထို့ကြောင့် မအူပင်မြို့နယ်၊တာပေါ်ကျေးရွာတွင် ဦးဝီရသူတရားပွဲပြုလုပ်ခဲ့မှုအား မအူပင်မြို့နယ် အုပ်ချုပ်ရေးအား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ငပုတောမြို့နယ်၊ဟိုင်းကြီးမြို့၊ ကျံုကူးကျေးရွာတရားပွဲအား ခွင့်ပြုပေးခဲ့သည် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်းဒေသကြီးအတွင်းအရေးမှူးက ခေါ်ယူသတိပေးခြင်း များ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly