၁၃ နှစ်အတွင်း အခြေခံအဆောက်အဦးကဏ္ဍရင်းနှီးမြှုပ်နှံဖို့ မြန်မာအစိုးရကန်ဒေါ်လာ ဘီလီယံ ၁၂၀ ခန့် အကုန်အကျခံရမည်

19 March 2017
၁၃ နှစ်အတွင်း အခြေခံအဆောက်အဦးကဏ္ဍရင်းနှီးမြှုပ်နှံဖို့ မြန်မာအစိုးရကန်ဒေါ်လာ ဘီလီယံ ၁၂၀ ခန့် အကုန်အကျခံရမည်

အာရှဖွံ့ဖြိုးရေးဘဏ်၏ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူ Mr.Stephen P. Groff နှင့် မဇ္စျိမမီဒီယာတို့ သီးသန့် တွေ့ဆုံမေးမြန်းမှု (အပိုင်း-၂)

“အခုကနေ ၂၀၃၀ အထိကို မြန်မာရဲ့ အခြေခံအဆောက်အဦးအပိုင်း ရင်းနှီးမြှုပ်နှံဖို့ ကန်ဒေါ်လာ ၁၂၀ ဘီလီယံလောက် ကုန်ကျမယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်။ ဆိုတော့ ဒီလောက်ကြီးတဲ့ ပမာဏကိုသူတို့ လိုအပ်နေတာပေါ့။ ဒီအပိုင်းတွေက သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ လျှပ်စစ်စွမ်းအား ဖြန့်ချိရေးနဲ့ ထုတ်ယူရေး ကဏ္ဍတွေမှာ ဖြစ်ပါတယ်။ ဒီဟာက မြို့ပြ အခြေခံ အဆောက်အဦး ဖွံ့ဖြိုးရေးအပိုင်း မပါသေးပါဘူး။ အဲဒီအပိုင်းပါ ပါမယ်ဆိုရင် နှစ်ဆလောက် အသာလေး ကုန်ကျသွားနိုင်ပါတယ်။ သူပါမယ်ဆိုရင် ၂၀၃၀ အထိကို ကန်ဒေါ်လာဘီလီယံ ၂၀၀ ကနေ ၃၀၀ ဘီလီယံအထိ အကုန်အကျခံရမှာ ဖြစ်ပါတယ်”

မဇ္စျိမ။  ။ ADB ရဲ့ ဥက္ကဌ မစ္စတာတကဲဟိအိုနာကာအို ပြီးခဲ့တဲ့ နှစ်လယ်လောက်က မြန်မာပြည်ကို ရောက်လာတုန်း သူ့အနေနဲ့ အစိုးရကိုဒီနှစ်ကနေစပြီး နှစ်စဉ် ချေးငွေ ကန်ဒေါ်လာသန်း ၁၅၀ ကနေ ၃၅၀ အတွင်းချေးပေးသွားမယ်ဆိုပြီး ပြောခဲ့ဖူးတယ်၊ ကျွန်တော်သိချင်တာက အဲဒါ အခုစနေပြီလား၊ ပြီးတော့ ခင်ဗျားရဲ့ အခုခရီးစဉ်မှာ ဘယ်လိုထပ်တိုးကတိတွေ ပေးထားသလဲဆိုတာ ပြောပြပါလား။

စတီဖင်။  ။ ပေးထားတဲ့ ကတိအတိုင်း စတင်လုပ်ကိုင်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဘဏ္ဍာငွေထဲက နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၄၀၀ လောက် ကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသွားပါ့မယ်။ အဲတော့ ADB ဥက္ကဌနာကာအို မနှစ်က မြန်မာပြည် လာရောက်ခဲ့တုန်း ပြောခဲ့တာတွေကို သိပ်ကို နီးစပ်နေပါပြီ။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း သူဒီကိုလာခဲ့တုန်းက နိုင်ငံရဲ့ မိတ်ဘက် မဟာဗျူဟာ အစီအစဉ်သစ်မှာ ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်သစ်နဲ့ ပတ်သတ်တဲ့ အချောသတ် လုပ်ဆောင်မယ့်အပို်င်းကိုလည်း အခုလအကုန်မှာ ဖြစ်လာမယ်လို့ပါ ကျွန်တော်ပြောခဲ့ပါတယ်။ နံပတ် ၁ အရေးကြီးတာက စီမံကိန်းကို အကောင်အထည်ဖော်ဖို့ လမ်းညွှန်မှုတွေရအောင် နောက်ဆုံးဆွေးနွေးမှုတွေ ရအောင်လုပ်ဖို့ဖြစ်ပြီးနံပတ် ၂ အရေးကြီးတာက လက်ရှိ လုပ်ဆောင်လျက်ရှိတဲ့ အပိုင်းနဲ့ အရင်က ခွင့်ပြုထားပြီးသား စီမံကိန်းတွေကို အာရုံစိုက်လုပ်ကိုင်ဖို့ ဖြစ်ပါတယ်။ ပြီးတော့ လက်ရှိ အကောင်အထည်ဖော်နေတဲ့ ရှိပြီးသား စီမံကိန်း အစီအစဉ်တွေကို အမှန်တကယ် အဆင်ပြေချောမွေ့အောင် စီမံဆောင်ရွက်ဖို့က တိုင်းပြည်ရဲ့ စီးပွားရေးမှာ စိန်ခေါ်စရာတွေကို ရင်ဆို်င်ဖို့ကလည်း တစ်ဘက်မှာ အရေးကြီးတဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။ အဲဒါကြောင့် ဘဏ္ဍာငွေတိုးပေးမယ်ဆိုတာ တစ်ခုတည်းကလည်း ကျွန်တော်တို့ဘက်က ကတိကဝတ်တစ်ခု မဟုတ်ပါဘူး။

မဇ္စျိမ။  ။ အာရှဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ဒီမှာအစိုးရ ၂ ရပ် အပေါ်မှာစီမံကိန်းတွေ လုပ်ကိုင်နေတဲ့ အပေါ်မှာအရှေ့အစိုးရနဲ့ အခုအစိုးရ ဒီအပေါ်မှာ ဆက်ဆံရတာ ဘယ်လိုခံစားရလဲ။

စတီဖင်။   ။မတူညီတဲ့ အစိုးရ ၂ ရပ်စလုံးက စီးပွားရေးမှာရင်ဆိုင်နေရတဲ့ စိန်ခေါ်စရာများစွာက အာရုံစိုက်လုပ် ကိုင်တဲ့နေရာမှာ ကိုက်ညီမှုတွေ ရှိတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ သူတို့အနေနဲ့လည်း ပြည်သူတွေကိုဘယ်လို ဖြည့်ဆည်းပေးရမလဲဆိုတာ သိရှိနားလည်တာတွေက ကိုက်ညီမှုရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ မိတ်ဘက် နိုင်ငံအနေနဲ့လည်း ကျွန်တော်တို့ အဖွဲ့အစည်းက အာရုံစိုက်တဲ့ နယ်ပယ်တွေမှာလည်း ညီညွှတ်မှု ရှိနေတယ်ဗျ။ အဲတော့ ကိုက်ညီတာတွေက အများကြီးရှိနေတယ်.. ကျွန်တော်တို့ မျှော်လင့်တာကတော့ ဒီညီညွှတ်မှုတွေကို ဘယ်လိုရှေ့ဆက်သွားမလဲ ဆိုတာပါပဲ။

မဇ္စျိမ။  ။ အခုကနေ ၂၀၃၀ အထိကို နိုင်ငံရဲ့ အခြေခံအဆောက်အဦး တည်ဆောက်ရေး အပိုင်းတွေ တိုးတက်ဖို့အတွက် အစိုးရက ဘယ်လောက်အထိတောင် ရင်းနှီးမြှုပ်သွားရမလဲ။

စတီဖင်။  ။ အခုကနေ ၂၀၃၀ အထိကို မြန်မာရဲ့ အခြေခံအဆောက်အဦးအပိုင်း ရင်းနှီးမြှုပ်နှံဖို့ ကန်ဒေါ်လာ ၁၂၀ ဘီလီယံလောက် ကုန်ကျမယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်။ ဆိုတော့ ဒီလောက်ကြီးတဲ့ ပမာဏကိုသူတို့ လိုအပ်နေတာပေါ့။ ဒီအပိုင်းတွေက သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ လျှပ်စစ်စွမ်းအား ဖြန့်ချိရေးနဲ့ ထုတ်ယူရေး ကဏ္ဍတွေမှာ ဖြစ်ပါတယ်။ ဒီဟာက မြို့ပြ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးအပိုင်း မပါသေးပါဘူး။ အဲဒီအပိုင်းပါ ပါမယ်ဆိုရင် နှစ်ဆလောက် အသာလေး ကုန်ကျသွားနိုင်ပါတယ်။ သူပါမယ်ဆိုရင် ၂၀၃၀ အထိကို ကန်ဒေါ်လာဘီလီယံ၂၀၀ ကနေ ၃၀၀ ဘီလီယံအထိ အကုန်အကျခံရမှာ ဖြစ်ပါတယ်။ ဆိုတော့ ဒီလောက်ကြီးတဲ့ ပမာဏကို တိုင်းပြည်ကို အပြည့်အဝ ချိတ်ဆက်ဖို့ နဲ့ စီးပွားရေးကဏ္ဍ တိုးမြှင့်ဖို့ ရင်းနှီးသွားရမှာ ဖြစ်ပါတယ်။

မဇ္စျိမ။  ။ အခုကနေ ၂၀၃၀ အထိ ဒီနယ်ပယ်တွေမှာ အစိုးရရင်းနှီးမြှုုပ်နှံရမယ့် ပမာဏက သိပ်ကြီးတယ်နော်.. ဒါကို ကြီးမားတဲ့ စိန်ခေါ်စရာကြီးလို့လည်း မြင်တယ်။ အဲတော့ အစိုးရက ဒီငွေတွေကို ဘယ်လိုရနိုင်မယ်လို့ မြင်လဲ။

စတီဖင်။   ။ ဒါကိုတော့ ADB လိုမျိုး မိတ်ဘက်အဖွဲ့အစည်းတွေဆီကနေ ရနိုင်သလို နောက်တစ်ခုက အစိုးရရဲ့ ငွေစုလက်မှတ်စာချုပ်တွေကို ထုတ်ရောင်းပြီး ငွေကြေးအရင်းအနှီး စျေးကွက်တိုးပွားအောင်လည်း လုပ်နိုင်ပါတယ်။ နောက်ပြီး နိုင်ငံရဲ့ အသုံးစားရိတ်နဲ့ ဘဏ္ဍာငွေတိုးပွားအောင် လုပ်ဆောင်နိုင်မယ့် အခွန်စနစ်ကို ထိရောက်အောင် တိုးမြှင့်သွားဖို့လည်း လိုပါတယ်။ ဒါက စက်ဝိုင်းတစ်ခုလိုပါပဲ.. အခြေခံအဆောက်အဦး အပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု များလာတာနဲ့အမျှ စီးပွားရေးတိုးတက်မှုကလည်း ပိုလာသလို အစိုးရကဘဏ္ဍာငွေတွေ များများရအောင် လုပ်ဆောင်နိုင်လေ အခြေခံအဆောက်အဦးအပိုင်းမှာ ပိုပြီး ရင်းနှီးမြှုပ်နှံသွားလို့ ရတာမျိုးပေါ့။

မဇ္စျိမ။  ။ကမ္ဘာ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ အရေးပါမှုတွေက ပြောင်းလဲလာနေတယ်၊ အထူးသဖြင့် အာရှအခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ အရေးပါမှုအရ တရုတ်၊ အာရှနဲ့ ဥရောပဘက်ကို အာရုံစိုက်ထားတယ်ဆိုတော့ ADB အနေနဲ့ ဒီအပေါ်မှာ ဘယ်လိုချိန်ခွင်လျှာ ညှိယူပါသလဲ။

စတီဖင်။   ။ နိုင်ငံတကာ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေကြားမှာ အာရှအခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် ပေါ်ပေါက်လာတာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကျွန်တော်တို့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာဆို အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့ ရင်းနှီးငွေပမာဏက တစ်နှစ်ကို ကန်ဒေါ်လာ ၁.၇ ထရီလီယံလောက်နဲ့ ၂၀၃၀ အထိကို ၂၆ ထရီလီယံအထိ လိုအပ်နေတယ်လို့ ခန့်မှန်းထားတယ်။ ADB အနေနဲ့ကျတော့ တစ်နှစ်ကို ကန်ဒေါ်လာ ၁၇ နဲ့ ၂၀ ဘီလီယံကြားမှာပဲ ထောက်ပံ့တယ်။

ကမ္ဘာ့ဘဏ် ထောက်ပံ့တာဆိုရင်လည်း ဒီပမာဏလောက်ပဲ။ ဆိုတော့ ၂ ခုပေါင်းတစ်နှစ်ကို အများဆုံးထောက်ပံ့နိုင်တဲ့ ဘီလီယံ ၄၀ နဲ့ လိုအပ်ချက်ဖြစ်တဲ့ ၁.၇ ထရီလီယံကြားမှာဆို ကွာဟမှုက အကြီးကြီးပဲ။ အဲဒါကြောင့် အာရှ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးဘဏ် ပေါ်ပေါက်လာတာ ကောင်းတယ်လို့ ထင်တယ်။ အခုလည်း အဲဒီဘဏ်နဲ့ ကျွန်တော်တို့ကြားမှာ ကျွန်တော်တို့ရဲ့ စီမံကိန်း ၃ ခုအတွက် ငွေထည့်ဝင်ဖို့ ကနဦး သဘောတူညီမှုတွေလည်း ရှိထားပါတယ်။ လာမယ့် နှစ်တွေမှာလည်း သူတို့ဆီကနေ ဒီလိုမျိုး ငွေကြေး ပူးပေါင်းထည့်ဝင်ခြင်းတွေ တိုးလာဖို့ မျှော်လင့်ပါတယ်။

မဇ္စျိမ။    ။ တရုတ်ဟာသူတို့ရဲ့ အာဏာကျယ်ပြန့်ရေးနဲ့ ကုန်သွယ်ရေးဖွံ့ဖြိုးမှုတွေကို တဖြေးဖြေးနဲ့ အာရှနဲ့ ဥရောပဘက်တွေကို အခြေခံပြီးတော့ ကြီးမားတဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ပိုးလမ်းမစီမံကိန်းကို တိုးမြှင့်လုပ်ကိုင်လျက် ရှိနေတယ်၊ ဒါကိုဘယ်လို ရှုမြင်သလဲဗျ။

စတီဖင်။  ။ ကျွန်တော်တို့ အထင် ဒါဟာအာရှတိုက်ရဲ့ စီးပွားရေးတိုးတက်ဖို့ ရှေ့လမ်းကြောင်းအတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦးအပိုင်း ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့ မြင်ပြီးသိပ်ကို ချီးကျူးထိုက်တဲ့ အကြောင်းအရာဖြစ်တယ်ဗျ။ အာရှဟာ လွန်ခဲ့တဲ့နှစ်များတုန်းကတည်းက ကမ္ဘာ့တိုးတက်မှုရဲ့ အင်ဂျင်စက်တစ်လုံးလို အလုပ်လုပ်နေတယ်။ အဲဒါကြောင့် ဒီရင်းနှီးမြှုပ်နှံမှုစီမံကိန်းဟာ တိုးတက်မှုကို ရှေ့ဆက်ဖို့ ချိတ်ဆက်မှုတွေကို ကြိုတင်ပြင်ဆင်တဲ့ အမြင်မျိုးဖြစ်တယ်လို့ ထင်တယ်ဗျ။ ဒါကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ ပြီးတော့ တရုတ်အစိုးရနဲ့ရော ဒီပိုးလမ်းမစီမံကိန်းမှာ ပါ၀င် ပတ်သက်နေတဲ့ အခြားအခြားသော အစိုးရတွေနဲ့ အလုပ်အတူတူ လုပ်ကိုင်ဖို့ကိုလည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။

မဇ္စျိမ။  ။ အခြားဘာကိုများ ဖြည့်စွက် ပြောချင်ပါသလဲ။

စတီဖင်။   ။ ကျွန်တော်တို့ ဒီတိုင်းပြည်နဲ့ရော အစိုးရနဲ့ပါ သိပ်ကောင်းတဲ့ မိတ်ဘက် ဆက်ဆံရေးမျိုးရှိပါတယ်။ ဆက်ပြီးတော့ တိုင်းပြည်နဲ့ ဆက်ဆံပေါင်းသင်းဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ အစိုးရရဲ့ ဖွံ့ဖြိုးရေးသဓိဌာန်တွေမှာ အခန်းကဏ္ဍ တစ်ရပ်ကနေ ပါ၀င်အားဖြည့်ပေးရတာကိုလည်း ဂုဏ်ယူပါတယ်။ ဒါဟာတကယ့်ကို အရေးပါပြီးတော့ ကျွန်တော်တို့အနေနဲ့လည်း တိုင်းပြည်ရဲ့ အနာဂတ်အပေါ်မှာ သိပ်ကို အကောင်းမြင်ထားပါတယ်။

အပိုင်း(၁)အား အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/24596

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly