ကိုဖီအာနန်ကော်မရှင် အကြံပြုချက် အစိုးရ အကောင်အထည်ဖော်သွားမည်

ကိုဖီအာနန်ကော်မရှင် အကြံပြုချက် အစိုးရ အကောင်အထည်ဖော်သွားမည်

ရန်ကုန် ၊ မတ် ၁၇ ။                    ။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များကို အစိုးရအနေဖြင့် လက်ခံသွားမည်ဖြစ်ပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်သွားမည်ဟု မတ်လ ၁၆ ရက်နေ့ ညက နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်လိုက်သည်။

သို့သော်လည်း အကြံပြုစာတွင်ပါဝင်သည့် အချို့ကိစ္စရပ်များသည် ဒေသန္တရအခြေအနေနှင့် လိုက်လျောညီထွေ ဆက်စပ်လုပ်ဆောင်သွားရမည်ဖြစ်သော်လည်း လျင်မြန်စွာ တိုးတက်မှုများ ရရှိလာမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အကြံပြုချက် ၃၀ ပါ ကြားဖြတ်အစီရင်ခံစာတစ်စောင်ကို ယမန်နေ့က ထုတ်ပြန်ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးမှ လက်ခံကြောင်း သတင်းထုတ်ပြန်စာတစ်စောင်ကို ယခုလို ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

ကိုဖီအာနန် ကော်မရှင် အကြံပြုစာတွင် သတင်းမီဒီယာများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အဆီးအတားမရှိဘဲ ပဋိပက္ခဖြစ်ပွားရာနေရာများသို့ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ နိုင်ငံသားဖြစ်ခွင့်ရှိသူများကို စီစစ်ပြီး နိုင်ငံသားဖြစ်ခွင့်ပေးကာ လွတ်လပ်စွာသွားလာခွင့်ပြုရန်၊ ပဋိပက္ခဖြစ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ထိုက်သင့်သလို အပြစ်ဒဏ်များ ချမှတ်ပေးရန် စသည့် အကြံပြုချက်များပါ၀င်သည်။

ထို့အပြင် IDPs စခန်းများကို ပိတ်ပစ်ပြီး မူလ ရပ်ရွာများတွင် ပြန်လည်အခြေချနေထိုင်ခွင့်ပြုရန်၊ အစိုးရအနေဖြင့် နိုင်ငံရေးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတွင် မွတ်ဆလင်များ၏ ကိုယ်စားပြုမှု အားကောင်းလာစေရေးအတွက် လုပ်ဆောင်ပေးရန်၊ လုံခြံုရေးတပ်ဖွဲ့ဝင်များအား လူ့အခွင့်အရေးနှင့်ဆက်စပ်သည့် သင်တန်းများပေးရန် ဆိုသည့် အကြံပြုချက်များပါ၀င်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ပန်ကြားချက်အရ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အနေဖြင့် 'ဘင်္ဂါလီ' ဆိုသည့် အသုံးအနှုန်းနှင့် 'ရိုဟင်ဂျာ' ဆိုသည့် အသုံးအနှုန်းကို ခေါ်ဝေါ်သုံးစွဲသွားမည် မဟုတ်ဘဲ 'မွတ်ဆလင်' သို့မဟုတ် 'ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင် လူ့အဖွဲ့အစည်း' ဟု ရည်ညွှန်းသုံးစွဲသွားမည်ဖြစ်သည်။ သို့ပေမယ့် ကမန်မွတ်ဆလင်များကိုမူ 'ကမန်' ဟုသည် သုံးစွဲခေါ်ဝေါ် သွားမည်ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် မစ္စတာကိုဖီအာနန် ဦးဆောင်ပြီး နိုင်ငံတကာ ပညာရှင် သုံးဦး၊ မြန်မာနိုင်ငံသား အဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယင်းကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက ဖွဲ့စည်းပေးထားခဲ့ခြင်းဖြစ်ပြီး အကြံပြုစာကို တစ်နှစ်အတွင်း ပေးပို့ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly