နီနီခင်ဇော်ရဲ့ ပထမဆုံး တစ်ကိုယ်တော် Redvolution Show ကို လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်မှာဖြစ်ပြီး ကျပ် တစ်သိန်းတန်လက်မှတ်အထိ တန်ကြေးရှိသော လက်မှတ်များပါ၀င်သည့် လက်မှတ် ရ၀%အထိ ရောင်းကုန်သွားပြီလို့ ဒီနေ့ Sky Star ဟိုတယ်မှာ ပြုလုပ်တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ စီစဉ်သူ ကိုစိုးနိုင်ထွန်း (အီကြာကွေး)က ပြောပါတယ်။
အဆိုပါလက်မှတ်တွေကို Pre Order စနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး “Pre Order ကောက်ရတယ်ဆိုတဲ့ အကြောင်းအရင်းကတော့ သူ့ပွဲလုပ်မယ်ဆိုပြီးတော့ တရားဝင် ကြေညာလိုက်ကတည်းကိုက ပြည်သူ့ရင်ပြင်အနေအထားနဲ့ တစ်ချို့ခုံဖြစ်မယ်၊ တစ်ချို့မတ်တပ်ဆိုတော့ လက်မှတ် မရမှာကို ပူကြတယ်။ အဲဒီလိုပူကြတော့ ကျွန်တော်တို့က Pre Order ယူလိုက်ရပါတယ်။ ယူလိုက်ရတော့ Pre Order ပေးထားတဲ့ ပရိသတ်တွေ အကုန်လုံးကို မနေ့က ဖုန်းဆက်ပြီးတော့ ရောင်းနေပါပြီ။ အဲဒါကို တစ်ပတ်ရောင်းပါမယ်။ ပြီးတော့ ၁၉ ရက်နေ့မှာမှ အားလုံးရောင်းပါ့မယ်။ Pre Order အားလုံး ရ၀% ကျော် Booking ပြည့်သွားပါပြီ။ ကျန်တဲ့ ၃၀% ကိုတော့ Public Sale လုပ်တဲ့အချိ်န်မှာ ဆက်လက်ဝယ်ယူအားပေးနိုင်ပါတယ်” လို့ စီစဉ်သူက ပြောခဲ့ပါတယ်။
နီနီခင်ဇော်အနေဖြင့် ပွဲအတွက် ကြိုတင်ပြင်ဆင်မှု အများကြီးလုပ်ခဲ့ရပြီး ပရိသတ်များအတွက် ထူးခြားသည့်အစီအစဉ် များစွာပါတယ်လို့ နီနီခင်ဇော်က ပြောပါတယ်။
“တောက်လျှောက်သီချင်းတွေလည်း အများကြီးဆိုချင်တဲ့အခါကြတော့ ပရိသတ်တွေ နားထောင်ချင်တဲ့ အပိုင်းတွေကို ကောက်နုတ်ပြီးတော့ မထင်မှတ်တဲ့နေရာကနေ သီချင်းတွေက အချိုးအကွေ့ပြောင်းသွားမှာပါ။ အကုန်လုံး၊ အဲဒါလေးကို လာပြီးတော့ ခံစားကြည့်စေချင်ပါတယ်။ သီချင်းတွေအားလုံးက ဒီတစ်ပုဒ်နားထောင်နေရင်းနဲ့ နောက်တစ်ပုဒ်ကို ပြောင်းသွားမယ် ၊ နောက်တစ်ပုဒ်ပြောင်းသွားမယ်။ ဒါလေးတွေက အားလုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ” ဟု နီနီခင်ဇော်က ပြောပါသေးတယ်။
နီနီခင်ဇော်၏ Redvolution Solo Concert ကို ဧပြီလ ၁ ရက်နေ့ ပြည်သူ့ရင်ပြင်တွင် ည ရနာရီ အချိန်မှစပြီး ပြုလုပ်သွားမှာဖြစ်ပြီး ကျန်ရှိနေသည့် လက်မှတ် ၃၀% ကို မတ်လ ၁၉ ရက်နေ့ မှစပြီး မန်းသီရိတေးသံသွင်း၊ Frolick ရေခဲမုန့်ဆိုင်များနှင့် City Mart ဆိုင်များတွင် ရောင်းချပေးသွားမှာပါ။ လက်မှတ်စျေးနှုန်းများမှာ ခုနှစ်ထောင်ကျပ်မှ တစ်သိန်းအထိ အစားစား သတ်မှတ်ထားပါတယ်။